နေပြည်တော် မေ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြေင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို မေ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံဖြစ်သည့် အလျောက် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝရေးနှင့် နိုင်ငံခြား ဝင်ငွေရရှိရေးအပိုင်းတို့တွင် မွေးမြူရေး၏ အသားကဏ္ဍနှင့် ငါးကဏ္ဍ သည်လည်း အရေးပါ သော လုပ်ငန်းများအဖြစ် ပါဝင်နေပါကြောင်း၊ ရေလုပ်ငန်း၏ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနှင့် ရေချို ရေငံ မွေးမြူ ထုတ်လုပ်မှု နှစ်ခုလုံး တိုးတက်လာရေးအတွက် လိုအပ်သော ထိန်းကျောင်းကြပ်မတ် ခြင်းများ၊ အားပေးကူညီမှုများကို သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ကျွမ်းကျင် မှုနှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးလာရေး ၊ ငါးလုပ်ငန်း နှင့်ပတ်သက်သည့် သုတေသနနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်းများ ခိုင်ခိုင်မာမာ လေ့လာ ဖော်ထုတ်နိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ တည်ထောင်ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၌ သုတေသနဆိုင်ရာဌာနနှင့် ရန်ပုံငွေ သီးခြား ခိုင်မာစွာ မရှိသေးဘဲ ငါးလုပ်ငန်းစခန်းများတွင် အသေးစားသုတေသန ငယ်များသာ ရှိနေပြီး သုတေသနဆိုင်ရာ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုမှာလည်း များစွာနိမ့်ကျနေဆဲဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍတွင်လည်း ယင်းတို့၏ လိုအပ်ချက်အတွက် သုတေသနအချို့ဆောင်ရွက် လုပ်ကိုင်မှုများ ရှိနေသော်လည်း ငါးကဏ္ဍ တစ်ခုလုံးက အားထားရသည့် သုတေသန ဖော်ထုတ်ချက်များ အသုံးပြုနိုင်ရန် ၊ သဘာဝ ရေချို ရေငံ ငါးများဖြစ်သည့် ကျောက်ငါး၊ ငါးမြင်း၊ ငါးသလောက်၊ ငါးပြေမ စသည့် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်သည့် ငါးများနှင့် ပတ်သက်သည့် သုတေသနများ ဆောင်ရွက်ရန် များစွာလိုအပ် နေလျက်ရှိကြောင်း၊ ပုစွန် မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာ တွင်လည်း ပုစွန်သားပေါက်များအား အိမ်နီးချင်း ပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မိမိတိုင်ငံအတွင်း၌ ပုစွန်သားပေါက် ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက် ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ယခုအခါ မအူပင် ငါးလုပ်ငန်းစခန်းနှင့် တွံ့တေးငါးလုပ်ငန်းစခန်းများတွင် မြန်မာ့တိုင်းရင်းဒေသ ငါးမျိုးဖြစ်သော ငါးမြင်း၏ မျိုးပွားအင်္ဂါဖွံ့ဖြိုးချိန်၊ မျိုးပွားချိန်နှင့် ယင်း၏ ဘဝစက်ဝန်းကို သိရှိနိုင်ရန် စတင်ကြိုးပမ်းဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ငါးမျိုးများ မပြုန်းတီးရေး၊ ရေရှည်တည်တံ့သော ငါး ထုတ်လုပ်မှုဖြစ်စေရေး၊ ငါးရိက္ခာကို ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိသော ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၏ ပြည်ပထုတ်ကုန်တိုးမြှင့်ရေး ကို ကာလတိုအတွင်း နှစ်ဆတိုးရေးအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် အတွက် မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ကို ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)