နေပြည်တော် မေ ၁၂
မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များ အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး ဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုကဲ့သို့ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များ အကာ အကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခြင်းသည် မြန်မာရွှေ့ပြောင်းကလေးများအတွက် များစွာအကျိုးရှိပါကြောင်း၊ ထိုင်းနိုင်ငံ သည် မြန်မာနိုင်ငံနှင့် ရှည်လျားစွာထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် စီးပွားရေး အရ အထိုက်အလျောက်တိုးတက် ဖွံ့ဖြိုးသောနိုင်ငံဖြစ်သည့်အတွက် မြန်မာရွှေ့ပြောင်း အလုပ် သမားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ် သမားများနှင့် အတူ ပါရှိသွားသောကလေးများ၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာကလေးများနှင့် ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်ခံစားရသော ကလေးများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသော အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရန် ခက်ခဲနိုင်သကဲ့သို့ မမြင်နိုင်သော ထိခိုက်နစ်နာမှု များလည်း ရှိနိုင်ပါကြောင်း။
မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သကဲ့သို့၊ CRC Convention အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့်အတွက် ကလေးသူငယ်များရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်သည်ကို ယုံကြည်ပါကြောင်း၊ MoU လက်မှတ် ရေးထိုးပြီးနောက်ပိုင်း တွင်လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့် တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်းနှင့် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာ အကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခြင်း လုပ်ငန်းစဉ်ကိုလည်း မိမိတို့အစိုးရ တာဝန်ယူစဉ် ကာလအတွင်း အမြန်ဆုံးအောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးက MoU ရေးဆွဲရေး ဆောင်ရွက်ထားရှိမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ၊ ထိုင်းနိုင်ငံဘက်မှ ပြန်လည်ပေးပို့သော သဘောထားမှတ်ချက်၊ နှစ်နိုင်ငံအဆင့် MoU လက် မှတ်ရေးထိုးနိုင်ရေး အခမ်းအနားပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနှင့်ထိုင်းအကြား ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ် ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုစနစ်ကျလျင်မြန်စေရန် Standard Operational Procedure (SOP) ကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ပြီး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်းတို့တွင် ရှေ့ပြေးစီမံကိန်းများကို စတင်ပူးပေါင်း ဆောင်ရွက် သွားရန် သတ်မှတ်ရွေးချယ်ထားပြီး ဦးစွာ မြဝတီ-မဲဆောက် နယ်စပ်မြို့များတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)