ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီမှ ပဲခူးစက်မှုဇုန် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂ ရက်က ပဲခူးမြို့ ညောင်အင်းလမ်းထိပ် ရပ်ကွက်ကြီး (၅) ရှိ ဥဿကျော်ဟိုတယ်၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။
ဦးညွန့်အောင်
ဒုတိယဝန်ကြီး
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဓိကစက်မှုဇုန်တွေဆိုတာ ကုန်ထုတ်စွမ်းအားတွေပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မှာဆိုရင် ရန်ကုန် တိုင်းဒေသကြီးမှာရှိတဲ့ စက်မှုဇုန်တွေအားလုံး သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့တွေ့ကြုံနေရတာတွေကို လိုက်လံရှင်းလင်းပြီး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့်လည်း နောက်ပိုင်းမှာ စက်ရုံတော်တော် များများက ပြန်လည်လည်ပတ်လာတာရှိပါတယ်။ တချို့စက်ရုံတွေကျတော့လည်း တချို့အခက်အခဲ တွေက မပြေလည်ဘူး၊ မပြေလည်တဲ့အတွက်ကြောင့် သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေနဲ့ ကျွန်တော် တို့ လုပ်ပေးရမယ့်တာဝန်တွေ၊ ကျန်ရှိနေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
အခု ပဲခူးမှာဆိုရင် ကျွန်တော်တို့ လုပ်ငန်း ကော်မတီနဲ့ ပြန်လည်ညှိနှိုင်းတဲ့အခါမှာ ရန်ကုန် မှာတော့ ဆောင်ရွက်ပေးနေတာတွေက အဆင်ပြေတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ဆက်ပြီးလုပ်ပေးဖို့ ဆုံးဖြတ်ထားတာရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ သူတို့ရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရပ်တန့်နေတဲ့ စက်ရုံတွေရှိရင်လည်း ဘာအခက်အခဲရှိလဲ အဲဒါတွေကို ကူညီပံ့ပိုးပေး လိုက်ရင် သူတို့ ပြန်လည်ပတ်လို့ရမယ်။ အဲဒီအတွက် ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း သူတို့လုပ်ငန်းလိုအပ်ချက်တွေ၊ အခက်အခဲ တွေရှိတယ်ဆိုရင် ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို နားထောင်မယ်။ ချက်ချင်းဆောင်ရွက်ပေးနိုင်တာတွေကို ချက်ချင်း ဆောင်ရွက်ပေးမယ်။ အဓိကသူတို့တင်ပြတဲ့ အချက် တွေကတော့ လုပ်ခလစာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ဘဏ်တွေရဲ့ ငွေထုတ်ကန့်သတ်ချက်ရှိတဲ့ အတွက်ကြောင့် သူတို့ရဲ့ ကုန်ကြမ်းပစ္စည်း ဝယ်ယူမှုနဲ့ သူတို့ရဲ့ ကုန်ကျစရိတ်တွေ ဒါတွေနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့တောင်းတဲ့ စာရင်းဇယားတွေကို စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီကနေ တစ်ဆင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းကော်မတီကို တင်ပြပြီးတော့ လုပ်ငန်းကော်မတီကနေ တစ်ဆင့် သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ်တွေ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ကို တင်ပြပြီးတော့ ဆက်လက်ပြီး ဆောင်ရွက်ပေးမယ်ဆိုရင် သူတို့ရဲ့ လုပ်ခလစာ အပြင် ကုန်ကြမ်းပစ္စည်းဝယ်ယူမယ့် ကိစ္စတွေပါ အဆင်ပြေချောမွေ့မယ်လို့ကျွန်တော့်အနေနဲ့ ယူဆ ပါတယ်။
ဦးညွန့်ဝင်း
ညွှန်ကြားရေးမှူးချုပ်
အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန
နိုင်ငံတော်အစိုးရက ဘာတွေလုပ်နေသလဲ ဆိုတာ သတင်းတွေ၊ သတင်းစာတွေထဲမှာ ပြောနေ ရုံသက်သက်မဟုတ်ဘူး။ အလုပ်ရှင်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမားတွေ သူတို့ရှိတဲ့ နေရာကို ကျွန်တော်တို့လာတယ်။ အလုပ်ရှင်၊ အလုပ်သမားအများစုရှိတဲ့နေရာလာရင် သူတို့ အတွက်ကအဆင်ပြေတယ်။ သူတို့ကို ကျွန်တော်တို့ ရှိတဲ့နေရာခေါ်ရင် သူတို့အတွက်အများကြီး အခက် အခဲဖြစ်မယ်။ သူတို့နဲ့ ကျွန်တော်တို့ ရင်းနှီးစွာ တွေ့မယ်။ သူတို့ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ လတ်တလောလိုအပ်ချက်တွေ ဘာတွေရှိသလဲ ဆိုတာ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တယ်။ ဆွေးနွေးပြီးရင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ နဲ့ ဒီမှာပါတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေက လက်တွေ့ကျကျ အဖြေပေးမယ်။ တကယ်ဆောင် ရွက်လို့ရမယ့် အခြေအနေတွေကိုပဲ ပြောတာဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုဆွေးနွေးပွဲတွေဟာ အစိုးရ ဘက်က ဌာနဆိုင်ရာ တွေရှိတယ်။ တစ်ဖက်က နိုင်ငံတော်ရဲ့ စီးပွားရေးကို တကယ်လည်ပတ် ပြီးတော့ အထောက်အကူပြုနေတဲ့ စက်မှုဇုန်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီးတော့ ရင်းနှီးမှုတွေရမယ်။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေ အားကောင်း လာမယ်။ ပြီးရင် နိုင်ငံအတွက် အင်မတန်ကောင်းမွန်တဲ့ အရွေ့တစ်ခု စီးပွားရေး ရပ်ဝန်းကြီး ခိုင်မာလာမယ်။ ယုံကြည်မှုတွေ ပိုပြီး တည်ဆောက်လာနိုင်မယ်။ ဒီရလဒ်တွေကို အားကောင်းလာမယ့် ဆွေးနွေးပွဲလို့ ပြောလိုပါတယ်။
ပဲခူးစက်မှုဇုန်မှာ စက်ရုံအလုပ်ရုံပေါင်း ၉၀ ကျော် ရှိပါတယ်။ အလုပ်သမားဦးရေက ခန့်မှန်းခြေ တစ်သိန်းကျော်ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ ပြဿနာတွေ အထူးသဖြင့် လုပ်ခလစာ အချိန်မီ ပေးချေနိုင်ရေး။ အခုတော့ လုပ်ခအချိန်မီ ပေးချေ နိုင်ရေးကိစ္စတင်မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေ ရဲ့ ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်ငွေကြေးတွေ လုပ်ငန်းတိုးချဲ့ဖို့ကိစ္စပဲဖြစ်ဖြစ်၊ ကုန်ကြမ်းဝယ်ယူ ဖို့ကိစ္စပဲဖြစ်ဖြစ်၊ သယ်ပို့ကိစ္စပဲဖြစ်ဖြစ်၊ ကျန်တဲ့ အုပ်ချုပ်မှု ရေ၊ မီးဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ဖြစ် လိုအပ်တဲ့ ငွေကြေးတွေကိုလည်း ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေထုတ်ကန့်သတ်ချက် ပမာဏ ထက် အမှန်တကယ် လိုတာတွေ့ရင် ဒါကို အပြည့် အဝ ကျွန်တော်တို့ ဆိုင်းငံ့မှုမရှိဘဲ အပြည့်အဝ ထုတ်ခွင့်ရအောင် ဒီမှာပဲ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပေးပါတယ်။
ဦးဟိန်းထက်
အတွင်းရေးမှူး
ပဲခူးစက်မှုဇုန်
လက်ရှိအချိန်မှာ စက်မှုဇုန်တွေရဲ့ အခက်အခဲ ကတော့ လုပ်ခလစာနဲ့ပတ်သက်ပြီး စက်မှုဇုန်မှာ အခက်အခဲတွေ ဖြစ်နေတယ်။ အဲဒီအတွက် တင်ပြ ခဲ့ပါတယ်။ ဘဏ်ကိစ္စတွေ တင်ပြခဲ့ပါတယ်။
နောက်ပြီး မီတာဆောင်တဲ့ကိစ္စတွေ၊ ကုန်ကြမ်း ဝယ်ယူရေးအတွက် ငွေကြေးအခက်အခဲဖြစ်တဲ့ ကိစ္စတွေတင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြတဲ့အခါ အကုန်လုံးကတော့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်တို့ကို ဖြေကြားခဲ့ပါတယ်။ ပဲခူးစက်မှုဇုန်မှာ စက်ရုံပေါင်း ၉၀ ကျော် ရှိပါတယ်။ အလုပ်သမားအင်အား တစ်သိန်းခန့် ရှိပါတယ်။ လောလောဆယ်စက်ရုံယာယီ ပိတ်ထား တာ ခြောက်ရုံရှိပါတယ်။ စက်ရုံ ၈၆ ရုံက လုပ်ငန်း လည်ပတ်နေပါတယ်။
အဓိက ကုန်ကြမ်းမရတာပါ။ ဒီမှာက CMP စက်ရုံတွေ ဖြစ်တဲ့အတွက် ကုန်ကြမ်းမရတဲ့အခါကျတော့ ယာယီပိတ်သိမ်းရတာရှိတယ်။ နောက်ပြီး EU ပို့ရတဲ့ စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံတွေကလည်း ဟိုဘက်က လက်မခံတာ ဖြစ်တဲ့အတွက် လောလောဆယ်ပိတ်သိမ်းရတဲ့စက်ရုံတွေရှိပါတယ်။
လက်ရှိ အခက်အခဲက ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းဆီရဲ့ အခက်အခဲဆိုတာကလည်း တစ်နိုင်ငံလုံးရဲ့ အခက်အခဲပါပဲ။ အကုန်လုံးကတော့ စီးပွားရေး ပလက်ဖောင်းကြီးတစ်ခုလုံး ဒီလိုမျိုး ဖြစ်သွားတဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ပူးပေါင်း ဆောင်ရွက်ကြမလဲ။ နိုင်ငံတော်အနေနဲ့ ဘယ်လိုသွားမလဲ။ ပြည်သူတစ်ဦးချင်းကရော ဘယ်လိုသွားမလဲ။ ကျွန်တော်တို့နိုင်ငံက ကုန်ထုတ် လုပ်မှုနဲ့ပဲဖြစ်ဖြစ်၊ စီးပွားရေးနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်သမားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နိုင်ငံမှာ အစစအရာရာ လိုအပ်ချက်တွေ ရှိနေတဲ့ အချိန် ဖြစ်ပါတယ်။ နိုင်ငံကောင်းဖို့ဆိုရင် အားလုံး ပူးပေါင်းဆောင်ရွက်မှဖြစ်မှာပါ။ ဒါမှလည်း နိုင်ငံကောင်းဖို့ အနေအထားတစ်ခုရောက်မှာပါ။ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ပဲခူးစက်မှုဇုန်က လုံခြုံရေးအနေအထားမှာ အတွင်းစည်း အပြင်စည်းနဲ့ စက်ရုံတွေရဲ့ လုံခြုံရေးကို နှစ်ဆတိုးမြှင့်ပြီး ဆောင်ရွက်ထားတာဖြစ်တဲ့ အတွက်ကြောင့် ထူးထူးခြားခြားမရှိပါဘူး။ အားလုံး အဆင်ပြေပါတယ်။ ဦးကျော်ဝင်း ဒါရိုက်တာအဖွဲ့ဝင် မြန်စတားအထည်ချုပ်စက်ရုံ ကျွန်တော်တို့က CMP နဲ့ လုပ်ငန်းဆောင် ရွက်ရတာဖြစ်လို့ အိပ်စပို့၊ အင်ပို့ အခက်အခဲတွေ၊ ကုန်သေတ္တာသင်္ဘောရရှိဖို့ အခက်အခဲတွေ၊ ဘဏ်ငွေထုတ်ရတဲ့ အခက်အခဲတွေ ဒီအခက်အခဲ တွေကို တင်ပြခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲက ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ကော်မတီ အနေနဲ့ ပဲခူးမှာ လာရောက်ပြီးတော့ ပဲခူးစက်မှုဇုန်က လုပ်ငန်းအဖွဲ့အသီးသီးကို လာရောက်တွေ့ဆုံ တာ အင်မတန်မှ အကျိုးကျေးဇူးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ရှင်းရှင်းလင်းလင်း သိလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်း နှစ်လမှာ လုပ်ငန်းတွေက ရပ်လုမတတ် အဲဒီလို အခက်အခဲကနေ ဒီနေ့ ကျွန်တော်တို့ တော်တော်လေးကို အဆင်ပြေပြေနဲ့ ဆောင်ရွက်လာနိုင်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း လုပ်ငန်းတွေဆောင်ရွက်သွားနိုင်ဖို့ အခုလို လာရောက်ရှင်းလင်းပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။ ပဲခူးက ရန်ကုန်နဲ့လည်း မိုင် ၅၀ လောက်ဝေးတဲ့ အနေအထားပါ။ (ပဲခူးမှာ စက်မှုဇုန်ရှိတယ်။ အခက်အခဲက ရန်ကုန်နဲ့မိုင် ၅၀လောက်မှာ ကွန်တိန်နာကားခကျတော့ ဈေးကြီးပေးရပါတယ်။ နောက်တစ်ခါ အခုလို လုံခြုံရေးအရ အချိန်ကန့်သတ်ပြီးတော့ ကွန်တိန်နာတွေက လုပ်ရတယ်။ ကုန်ပစ္စည်းတွေက အချိန်မီ တင်ပို့နိုင်ခြင်းမရှိတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။
တွေ့ဆုံမေးမြန်း-လင်းလက်
ဓာတ်ပုံ-ကိုဇော်