၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်
၁။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှား စေရန် ဆောင်ရွက်နေကြရသူများ ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်ကြရပါသည်။ နိုင်ငံ့ဝန်ထမ်းများအနက် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူခံခဲ့ရသူများရှိသကဲ့သို့ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှုကြောင့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသူများလည်း ရှိပါသည်။
၂။ အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများအနက်မှအချို့သည် CDM လှုပ်ရှားမှုများတွင် ရည်ရွယ် ချက်ရှိရှိဖြင့် နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သူများ ရှိသကဲ့သို့ အချို့သောဝန်ထမ်းများမှာ စိတ်လှုပ်ရှားလွယ်မှုကို အသုံးချခံရခြင်း၊ ပတ်ဝန်းကျင် အသိုင်း အဝိုင်းမှ ဖိအားပေးခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း၊ လူ့ဂုဏ်သိက္ခာထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်ခြင်း စသည့်အကြောင်းတစ်ရပ်ရပ်ကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြရသဖြင့် အရေးယူခံခဲ့ရသူ များလည်း ရှိကြပါသည်။
၃။ CDM လှုပ်ရှားမှုတွင်ပါဝင်မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းအချို့သည် ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့မှု မရှိခဲ့သည့်အပြင် အထက်ပါအကြောင်းတစ်ရပ်ရပ် ကြောင့်သာ ပါဝင်ခဲ့ရသည့်အတွက် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာပါက အောက်ဖော်ပြပါအချက်များကိုအခြေခံ၍ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုထားမှု များအား ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ပါသည်-
(က) ယင်းဝန်ထမ်း၏ ယခင်တာဝန်ထမ်းဆောင်ခဲ့မှုအပေါ် ကျေနပ်ဖွယ်ရှိကြောင်းနှင့် ဆက်လက် တာဝန်ပေးအပ်ရန်သင့်တော်ကြောင်း သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးမှ ထောက်ခံ ခြင်း၊
(ခ) လူမှုကွန်ရက်များတွင် ရေးသားဖော်ပြ ဆောင်ရွက်ခဲ့မှုများသည် ပညာပေး၊ သတိပေးခြင်း ဖြင့် ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေ ရှိ၊ မရှိ၊ ကိုယ်တိုင် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တရားစွဲအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်၊ ထောက်ခံချက်၊
(ဂ) ကာယကံရှင်ဝန်ထမ်း၏ ကတိဝန်ခံချက်။
၄။ ဝန်ထမ်းများအပေါ် အရေးယူဆောင်ရွက်ထားမှုအား ပြန်လည်သုံးသပ်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-
(က) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ဌာနဆိုင်ရာအရေးယူခံရသော ဝန်ထမ်းများသည် ၆ လအတွင်း အယူခံခွင့်ရှိသည်ဖြစ်ရာ ထပ်မံစိစစ်တွေ့ရှိချက်များအပေါ် မူတည်၍ နိုင်ငံတော်တည်ဆောက်ရေး တွင် ဆက်လက်အထောက်အကူဖြစ်စေနိုင်သဖြင့် ချမှတ်ထားသည့်ပြစ်ဒဏ်ကို လျှော့ပေါ့ပြောင်းလဲ ကာ နိုင်ငံ့ဝန်ထမ်းတာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြုခြင်း၊
(ခ) ဝန်ထမ်း၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ရာဇဝတ်မှုမြောက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) သို့မဟုတ် ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသူများကို အမှုပြန်လည်ရုပ်သိမ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရသာ လျှော့ပေါ့သည့် ပြစ်ဒဏ်ပြောင်းလဲချမှတ်ကာ နိုင်ငံ့ဝန်ထမ်းတာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြုခြင်း။
၅။ သို့ပါ၍ စိတ်လှုပ်ရှားလွယ်မှုကို အသုံးချခံရခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ဖိအားပေး ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း၊ လူ့ဂုဏ်သိက္ခာထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည် ကိုစိုးရိမ်ခြင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေများကိုစိုးရိမ်ပူပန်ခြင်း စသည့်အကြောင်းတစ်ရပ်ရပ် ကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြရသဖြင့် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် နိုင်ငံတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေး စဉ်းစားသုံးသပ် ဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ