Skip to main content

ကျောင်းဖွင့်ပါလျက် ကျောင်းမတက်ခဲ့သော်

မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက် လျက်ရှိသည်။ တက္ကသိုလ် အဆင့်များကိုလဆန်းတွင်လည်းကောင်း၊ အခြေခံပညာကျောင်း များကို ဇွန်လဆန်းတွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပြီးခဲ့သည့် စာသင်နှစ် တစ်နှစ်လုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ ကြောင့် ကျောင်းများကို မဖြစ်မနေ ပိတ်ခဲ့ရာတွင် စာမေးပွဲ ဖြေဆိုလျက်တန်းလန်းနှင့်ပင် ပိတ် ထားခဲ့ရသည့်အတန်းများလည်း ရှိခဲ့သည်။ စာသင်နှစ်တစ်နှစ်ရပ်နားလိုက်ရခြင်းက ကျောင်းသူ ကျောင်းသားများ၊ မိဘများအတွက်သာမက နိုင်ငံတော်အတွက်လည်း နစ်နာမှုဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါသည်ကမ္ဘာမြေပေါ်မှ ပျောက်ကွယ် သွားဦးမည်မဟုတ်သေးဘဲ နှစ်ကာလ အတိုင်းအတာတစ်ရပ်အထိ ကြာမြင့်နေဦးမည်ဟု ယူဆလာကြခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့ မှုကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပြုလုပ်ခဲ့ရသည့် အကန့်အသတ်၊ အာတားအဆီးများ၊ စည်းမျဉ်း စည်းကမ်းများကို ပြန်လည်သုံးသပ်လာရသလို ကပ်ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ကာ အသက် မွေးဝမ်းကျောင်းပြုနိုင်ရေး၊ အလုပ်လုပ်ကိုင်နိုင်ရေး၊ ပညာသင်ကြားနိုင်ရေး၊ စက်ရုံ အလုပ်ရုံများ လည်ပတ်နိုင်ရေး၊ ခရီးသွားလာနိုင်ရေးတို့အတွက်လည်း စဉ်းစားဆောင်ရွက်လာရသည်။ စည်းမျဉ်း စည်းကမ်းအသစ်များ ချမှတ်ပြီး အသိပညာပေးမှုများ ပြုလုပ်လာရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ခံရသည့် ကမ္ဘာ့နိုင်ငံများအားလုံးဤကဲ့သို့ပင်ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်ပြီး ယခုအခါ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် အန္တရာယ်ကို ရင်ဆိုင်ကာကွယ်နိုင်ရန် ပြင်ဆင်နေကြ ရပြီဖြစ်သည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှု ပြုလုပ်သည့်အခါ အဖျက်အမှောင့်များလည်း ပေါ်လာ သည်။ အခြေခံပညာကျောင်း ဆရာ၊ ဆရာမများအား သင်ကြားမှု သင်ယူမှုဆိုင်ရာ အထောက် အကူပြုသင်တန်းများအမြို့မြို့ အနယ်နယ်၌ဖွင့်လှစ်သင်ကြားပို့ချရာတွင် ဆူပူအကြမ်းဖက်သမား များက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခဲ့ကြခြင်းဖြစ်သည်။ သင်တန်းဖွင့်လှစ်ထားသည့် ကျောင်းများ ကို လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ အမှိုက်များ၊ အတားအဆီးများချ၍ ပိတ်ဆို့ခြင်း၊ ကျောင်းရှေ့ တွင်သွား၍ ဆဲရေးတိုင်းထွာခြင်း၊ ဖေ့စ်ဘွတ်မှတစ်ဆင့် စော်ကားပြောဆို အရှက်ခွဲခြင်း စသည်တို့ အပါအဝင် နည်းလမ်းမျိုးစုံသည်။ ယခုကျောင်းများပြန်လည်ဖွင့်လှစ်မည့် အချိန်အခါကိုပါ ထုတ်ဖော် ပြောကြားလိုက်သည့်အခါ ကျောင်းပြန်တက်မည့် ကျောင်းသားများကို “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဟူ၍ လှုံ့ဆော်လာ ကြသည်ကို တွေ့လာရသည်။ ကျောင်းတက်ခြင်းသည် တော်လှန် ရေးကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း၊ ကျဆုံး ဖမ်းဆီးခံလူငယ် များကို ထောက်ထားရန်လိုကြောင်း၊ ကျောင်းဖွင့်ခြင်းသည် စစ်အစိုးရ၏ စစ်ကျွန်မွေးမြူရေးစီမံချက်ဖြစ်ကြောင်း စသည်ဖြင့် ဝါဒမှိုင်း တိုက်လှုံ့ဆော်နေခြင်းဖြစ်ပြီး ကျောင်းဖွင့်ချိန်တွင်လည်း အေးချမ်းစွာ ပညာသင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးမည့် အရိပ် လက္ခဏာပြ ခြိမ်းခြောက်မှုတို့လည်း ပါဝင်သည်။

ကျောင်းသား ကျောင်းသူများ ကျောင်းမတက်ခြင်းဖြင့် ဦးစွာထိခိုက်နစ်န၁သူမှာ ကာယကံရှင် ကျောင်းသား ကျောင်းသူပင် ဖြစ်သည်။ ရှေ့တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာသင် နှစ် တစ်နှစ် နစ်နာခဲ့ရပြီး အသက်တစ်နှစ်ကြီးခဲ့ရပြီးပြီဖြစ်သည်။ ပြည်တွင်းပြည်ပ အဖျက်အမှောင့် သမားတို့၏ လှုံ့ဆော်မှုကို နားယောင်ပြီး ကျောင်းမတက်ပါက မည်သူတို့ ထိခိုက်နစ်နာ မည်နည်း၊ မည်သည့်အတိုင်းအတာအထိ ထိခိုက်နစ်နာမည်နည်း၊ ဉာဏ်ပညာကိုသုံး၍ မှန်ကန်စွာ စဉ်းစား ဆင်ခြင်ကြပါကုန်။