ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများ၊ စက်မှုဇုန်များမှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ MSME by G3G Appမှ တာဝန်ရှိသူများ၊ Weday Online Appမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ပြည်သူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုပွဲတော်ကြီးကို ပြည်သူများအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေမှုများကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းစွာယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းသုံးထုတ်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့နိုင်သည့် အမယ်သစ်အရည်အသွေးကောင်းထုတ်ကုန် ပစ္စည်းများအဖြစ် ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်း၌လည်း MSME လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ဖျော်ဖြေတင်ဆက်ကပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကာ ပွဲတော်ရှိ ဈေးဆိုင်ခန်း များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးအရောင်းပြခန်းနှင့် သနပ်ခါးလိမ်းခြယ်နေမှုများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) စက်ကိရိယာများနှင့် အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါပွဲတော်ကို အောက်တိုဘာ ၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်တွင် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၆၂၀ ကျော် ခင်းကျင်းရောင်းချလျက်ရှိသည့်အပြင် ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒိသာကျွေးမွေးသည့်အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုပါ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ထို့ပြင် ပွဲတော်လာပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး ပွဲတော်ရက်များအတွင်း အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်ကာ ပြည်သူများအနေဖြင့် ပျော်ရွှင်စွာလာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်းသိရသည်။
သတင်းစဉ်