အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးကုသရန် အခက်အခဲ များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ အကူအညီတောင်းခံမှုများ ကြောင့် တပ်မတော်ဆေးကုသရေး အဖွဲ့များကိုစေလွှတ်၍ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးနေရသည်။ CDM လုပ်သွားသည့် ဆရာဝန်များကြောင့် ပြည်သူ့ဆေးရုံများ တံခါးပိတ်ထားရသည့် အခြေအနေတွင် တပ်မတော်ဆေးရုံများ၌ အရပ်သားလူနာမြောက်မြားစွာ သွားရောက်ကုသနေကြရသည်။ ရောဂါဝေဒနာ ဟူသည် နေ့ည အချိန်ရွှေ့ဆိုင်းထား၍ မရသလို မဖြစ်မနေ အချိန်မှန် စစ်ဆေးကုသမှုပြုရမည့် ရောဂါမျိုးတွင်လည်း အကြောင်းကြောင်းကြောင့် ကုသမှုမရရှိနိုင်ပါက လူနာအဖို့ အန္တရာယ်ကြီးလှသည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံစားချက်တို့ကို အကြောင်းပြု၍ တာဝန်တို့ကို စွန့်လွှတ်စွန့်ပစ်ခဲ့ခြင်းတို့၏ အကျိုးဆက်တို့ကို တိုက်ရိုက်ခံစားကြရ သူတို့မှာ ကံဆိုးလှရှာသည့်လူနာများပင်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးအကုန်အကျ ခံကာ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်မကုသ နိုင်ကြသည့် ဝင်ငွေနည်းပြည်သူများဖြစ်သည့် ဝေဒနာရှင် များပင် ဖြစ်သည်။
မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်နှင့် တာဝန်တို့ကို ခွဲခြား ထားရမည်ဖြစ်သော်လည်း စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ကြသည့် တိုင်အောင် ဆရာဝန်များမှာ ဉာဏ်ရည်ထက်မြက်သူများ၊ အများပြည်သူတို့၏ လေးစားမှုကို ခံယူကြရသူများဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများလည်းဖြစ်သလို ဆေးပညာရှင်များလည်း ဖြစ်သည့်အတွက် ကျင့်ဝတ်များကို လိုက်နာကြရသူများလည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဝင်ရောက် လာသည့်အချိန်မှစ၍ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်နေသည့် ကာလတစ် လျှောက်လုံး နိုင်ငံတစ်ဝန်းမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှာ ပြည်သူတစ်ရပ်လုံး၏ သူရဲ ကောင်း များသဖွယ် အမွှမ်းတင်ဂုဏ်ပြုခဲ့ကြသည်ကို ခံယူခဲ့ကြရသည်။ ဤသည်မှာ ဆရာဝန်တို့၏ လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်မှု၊ တာဝန်ယူမှုတို့ကြောင့်ပင် ဖြစ်သည်။ ထို့အပြင် စွန့်လွှတ်မှု၊ စွန့်စားမှုတို့ကြောင့်လည်း ဖြစ်သည်။ ရောဂါကူးစက် နိုင်သည်၊ သေနိုင်သည်ကို သိလျက်နှင့်ပင် ကိုဗစ် -၁၉ ရောဂါ ခံစားနေရသည့်လူနာကို ကုသမှုပေးရင်း ရောဂါကူးစက်ခံရကာ အသက်စွန့်သွားခဲ့ရသည့် ဆရာဝန်များကို အနူးအညွတ် လေးစားစွာဖြင့် ထာဝရအမှတ်ရလျက်လည်း ရှိကြသည်။
မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ရောဂါဝေဒနာများ နှင့် လူနာများက ရှိနေမည်သာဖြစ်သလို ဆရာဝန်များအနေဖြင့် လည်း ကုသပေးရန် လိုအပ်နေမည်သာဖြစ်သည်။ မိမိတို့နိုင်ငံ သည် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့်အလျောက် မိမိထောက်ခံသည့် အစိုးရ၊ မထောက်ခံသည့် အစိုးရ ဆန့်ကျင်သည့် အစိုးရ စသည်ဖြင့် ရှိနေမည်သာဖြစ်ရာ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် မိမိတို့ကုသပေး နေသည့် လူနာတို့၏ မျက်နှာတို့ကိုသာ ကြည့်ပါမှ၊ တစ်နည်းအားဖြင့် မိမိတို့၏ တာဝန်အပေါ်တွင်သာ အာရုံစူးစိုက်ပါမှ ပြည်သူအပေါ် တာဝန် ကျေပွန်သူ နိုင်ငံ့ဝန်ထမ်းကောင်း ဖြစ်လာမည်ဖြစ်သည်။
တာဝန်သိသူ၊ တာဝန်ယူမှုရှိသူသည် မိမိ၏ လူ့အဖွဲ့အစည်း ကို မိမိ၏စွမ်းရည်ဖြင့် စောင့်ရှောက်မှုပေးပြီး အကျိုးပြုသူ ဖြစ်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်ဝတ္တရားကို ဖြစ်လိုရာ ဖြစ် ပစ်ချထားခဲ့ကာ တံခါး ပိတ်ထွက်ခွာ ရှောင်လွှဲသွားသူမျိုး မဟုတ်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အခက်အခဲအကျပ် အတည်း များနှင့် ရုန်းကန်လှုပ်ရှားနေရသည့် လူ့အဖွဲ့ အစည်း၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကုန် ထုတ်ကြိုး ပမ်းနေသည့်လူ့အဖွဲ့ အစည်းဖြစ်သည့်အလျောက် ပြည်သူအများ ကျန်းမာရေးအတွက် အခက်မတွေ့ စေရေး ဆေးရုံတံခါးများ ပြန်လည်ဖွင့်လှစ်ပေး နိုင်ရန် ဝေဒနာရှင်တို့ အကျိုးကိုမျှော်၍ နှိုးဆော်အပ်ပါ
ကြောင်း။ ။