နေပြည်တော် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်း အမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းရေးနှင့် လူသားချင်း စာနာထောက် ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင် စခန်း အသီးသီးတွင် အကျဉ်း ကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ပြန်လည်လွတ်မြောက်လာသည့် ကျိုက်မရော အကျဉ်းထောင်မှ အကျဉ်း သား/သူ(၅၂၂)ဦးနှင့် မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၁၀၅)ဦး စုစုပေါင်း(၆၂၇)ဦးတို့ကို ၎င်းတို့၏နေရပ်သို့ အဆင်ပြေစွာပြန်နိုင်ရန် အတွက် အမှတ်(၉၀)အစုန် မော်လမြိုင်-ရန်ကုန် လူစီးရထားဖြင့် မော်လမြိုင်ဘူတာမှ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာသို့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိမည်ဖြစ်သည်။
ဆက်လက်ဆောင်ရွက်မည့် ခရီးစဉ်များအဖြစ် မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်း အတွင်း ဧပြီ ၁၈ ရက်တွင် အမှတ်(၈၉)အဆန် ရန်ကုန် - မော်လမြိုင်ရထားသည် ရန်ကုန် ဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်သည်။ ဧပြီ ၂၀ ရက်တွင် အမှတ်(၉၀)အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် မော်လမြိုင်ဘူတာမှ နံနက်၈ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)