Skip to main content

ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် နှင့်အဖွဲ့ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပသည့် (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် တက်ရောက်

နေပြည်တော် ဧပြီ ၁၃

          ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီးဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူး စစ်ဆင်ရေးစီမံချက်များကိုလည်း နှစ်စဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုအပိုင်းတွင် နှစ်စဉ်လျော့ကျလျက်ရှိကြောင်းကို UNODC နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် နှစ်စဉ်အစီရင်ခံစာဖော်ပြချက်များအရ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် ပြည်တွင်းငြိမ်းချမ်းမှုများနှင့်လည်း ဆက်စပ်နေသည့်အတွက် မြန်မာနိုင်ငံအစိုးရအနေနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိကကျသည့် ပရီကာဆာဓာတုပစ္စည်းများထိန်းချုပ် နိုင်ရေးကို နိုင်ငံတိုင်းမှ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ နိုင်ငံသည် ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးကို နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်ပူးပေါင်းပြီး ဘက်ပေါင်းစုံမှ အကောင်းဆုံးကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

           (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် Side Event အစီအစဉ်များသို့ ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်လည်းကောင်း၊ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိန်း ဦးဆောင်သောအဖွဲ့သည် In-person ဖြင့်လည်းကောင်း တက်ရောက်လျက်ရှိသည်။ အစည်းအဝေးကို ဧပြီ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ  ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်