Skip to main content

ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော် အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ပူဇော်ခြင်းနှင့် “မာရဝိဇယ” ဘွဲ့တော် သမုတ် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ


နေပြည်တော် ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ကြည်ညိုခဲ့သည်။

ဆင်းတုတော် အပိုင်း(၁)သည် တန်ချိန်(၁၀၉၀)ရှိသည်။ ၎င်းစကျင်ကျောက်တုံးတော်ကြီးအား သယ်ပိုး ပင့်ဆောင်ထားသော သံမဏိသံငြမ်းစင်(၆၂) တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ရှိ  သောကြောင့် ဆီမီးခုံဆိပ်ကမ်းမှ မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ၇ ရက်ကြာ ခက်ခက်ခဲခဲပင့်ဆောင်ခဲ့ရပြီး ရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ဧပြီ ၁၀ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ သည်။

အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ခြင်းနှင့် ဘွဲ့တော်သမုတ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ အမှူး ပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဒေါ်အေးနုစိန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဆောက်လုပ် ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နောက် အခမ်းအနားမှူးက သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါ စရိယ ဆရာတော်ကြီး များ၏ ရွေးချယ်ညွှန်ပြ ဩဝါဒတော်များနှင့်အညီ ဘူမိဖဿမုဒြာထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” “MARAVIZARA”ဟု ဘွဲ့တော် သမုတ်ပူဇော်ပါကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားရာ ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဝမ်းမြောက်ကြည်ညိုစွာ ဖြင့် သာဓုသုံးကြိမ်ခေါ်ဆိုတော်မူကြသည်။

 ယင်းနောက် ဩဝါဒဆရာတော်ကြီးများက မေတ္တာပို့ ဂါထာတော်များကို ရွတ်ဆို ပူဇော်၍ မေတ္တာပြုတော်မူကြပြီး သီတဂူဆရာတော်ကြီးက “မာရဝိဇယ”ဘွဲ့တော်နှင့် လျော်ညီစွာ အဋ္ဌဇယ မင်္ဂလာဂါထာတော်များဖြင့် ပူဇော်သည်။

ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမ များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁)အား ဩဝါဒဆရာတော်ကြီးများ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘုရား ဒါယကာများက ပရိတ်နံ့သာရည်များ ဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက် ပင့်ဆောင်တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ရာ ဝတ်အသင်းအဖွဲ့များက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ စကျင်ကျောက်တော်ကြီး ထုတ်လုပ်ရေးနှင့် သယ်ယူပင့်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ရုပ်ပွား တော် မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရန် ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်း အကျဉ်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောက်တည်ခဲ့မှု၊ သယ်ယူပင့်ဆောင်ခဲ့မှု အခြေအနေများ၊ တည်ဆောက်ပူဇော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွား မည့် အခြေအနေများကို Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြလျှောက်ထားသည်။ ထို့ပြင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်နိုင်ရေး လုပ်ဆောင်ခဲ့မှုအခြေအနေများကို ထပ်မံဖြည့်စွက်လျှောက် ထားတင်ပြသည်။

တင်ပြလျှောက်ထားမှုများအပေါ် ဆရာတော်ကြီးများက ဩဝါဒစကားများ အသီးသီး ပြန်လည် အကြံပြုမိန့်ကြားတော်မူကြသည်။

ထို့နောက် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”အားတည်ထား ကိုးကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော် ကြီးပုံစံငယ်များ၊ ရောက်ရှိပြီးဖြစ်သည့် ကျောက်တော်ကြီးများ နေရာချထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပလ္လင်တော် အောက်ခြေပိုင်စိုက်ဖောင်ဒေးရှင်း ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ဗုဒ္ဓဥယျာဉ် တော် ပရိဝုဏ်အတွင်း သာသနိကအဆောက်အဦ များဆောက်လုပ်ရန်နှင့် သာယာလှပ ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်ထားရှိသည့်  အခြေအနေများအား ဩဝါဒ ဆရာတော်ကြီးများက လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လိုက်လံ ရှင်းလင်းပြသခဲ့သည်။

အဆိုပါ   နေပြည်တော်တွင်တည်ထားကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး” ကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာ မှုရှိစေရန်၊ ရုပ်ပွာတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်း ဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမကို သမုတ်ရာ တွင် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင် တော်မူသော မြတ်စွာဘုရား”ဟု အဓိပ္ပာယ်ရပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင်လည်း မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော် ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿ မုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိ မည်ဖြစ်ကြောင်း၊ ပလ္လင်တော်နှင့် ဆင်းတုတော် အစိတ်အပိုင်းများကို ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ၇ ကြိမ်ခွဲ၍ ပင့်ဆောင်ရမည် ဖြစ်ပြီး ယခုအကြိမ်ရောက်ရှိခြင်းသည် ဆဋ္ဌမအကြိမ်ဖြစ်ကြောင်းနှင့် ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးမှ ဆင်းတုတော် အပိုင်း(၁)သည် ကျောက်သားတန်ချိန် (၁၀၉၀) ရှိပြီး ၎င်းစကျင်ကျောက်တုံးတော်ကြီးအား သယ်ပိုးပင့်ဆောင် ထားသော သံမဏိ သံငြမ်းစင်(၆၂) တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ရှိကြောင်း၊ မှတ်တမ်းများအရ ယခုပင့်ဆောင်ခဲ့သည့် စကျင်ကျောက်တော်ကြီးသည် ကမ္ဘာပေါ်၌ မော်တော်ယာဉ်ဖြင့် ကျောက်သားများ ရွှေ့ပြောင်းရာတွင် အကြီးမားဆုံးနှင့် အလေးချိန် (တန်ချိန်) အများ ဆုံး ရွှေ့ပြောင်းမှုဖြစ်ကြောင်း သိရှိရသည်။

ယခုတည်ထားကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင် ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)