Skip to main content

မြန်မာ့မီးရထားမှ မန္တလေး-ရွှေဘို-မန္တလေးလမ်းပိုင်း နှင့် အင်းစိန်-ဥက္ကံ-အင်းစိန်လမ်းပိုင်းတို့၌ ခရီးသည်များခရီးသွား လာမှု အဆင်ပြေ စေရန် RBE လူစီးရထားပြေးဆွဲ

နေပြည်တော် ဧပြီ ၁၂ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထား သည် လမ်းပိုင်းအလိုက်ရထားများ ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-ရွှေဘို လမ်းပိုင်းနှင့် အင်းစိန်-ဥက္ကံလမ်းပိုင်းတို့၌ ခရီးသည်များခရီးသွားလာမှု အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းတွင် RBE လူစီးရထားပြေးဆွဲခဲ့သည်။ အဆိုပါ မန္တလေး-ရွှေဘို-မန္တလေးခရီးစဥ်တွင်မန္တလေး-ရွှေဘို အဆန် RBE လူစီးရထား သည် မန္တလေးဘူတာမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ဘူတာစဥ်ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရွှေဘိုဘူတာသို့ နံနက် ၉ နာရီ ၃၃ မိနစ်တွင် ရောက်ရှိခဲ့ကာ ရွှေဘို-မန္တလေး အစုန် RBE ရထား ခရီးစဥ်အဖြစ် ရွှေဘိုဘူတာမှ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွာရာ မန္တလေး ဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်ခဲ့သည်။ ထိုနည်းတူ အင်းစိန်-ဥက္ကံ-အင်းစိန်ခရီးစဥ်တွင်အင်းစိန်-ဥက္ကံ အဆန် RBE လူစီးရထား သည် အင်းစိန်ဘူတာမှ နံနက် ၇ နာရီခွဲတွင် စတင်ထွက်ခွာပြီး ဘူတာစဥ်ဖြတ်သန်းမောင်းနှင် ခဲ့ရာ ဥက္ကံဘူတာသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ပြီး ဥက္ကံ-အင်းစိန် အစုန် RBE လူစီးရထား ခရီးစဥ်အဖြစ် ဥက္ကံဘူတာမှ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြန်လည်ထွက်ခွာလာရာ အင်းစိန် ဘူတာသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်ခဲ့သည်။ အဆိုပါ မန္တလေး- ရွှေဘို-မန္တလေးလမ်းပိုင်း ၊ ရထားပြေးဆွဲမှု ဆောင်ရွက်နေစဥ် အတွင်း အဆန် RBE ခရီးစဥ်တွင် ခက်ခဘူတာနှင့်ပေါက်ကန်ဘူတာအကြား၊ သာလှိုင်းဘူတာနှင့် ဝက်လက်ဘူတာအကြားတွင် သံလမ်းပေါ်မြေသားများပိတ်ဆို့ထားခြင်း၊ အင်္ဂတေထုဖြင့် သံလမ်း တစ်ဖက်တစ်ချက်အား သွန်းလောင်းထားခြင်း၊ အစုန် RBE ခရီးစဥ်တွင် ဝက်လက် ဘူတာ နှင့် သာလှိုင်းဘူတာအကြားတွင် ခဲအိတ် (၃)အိတ်ဖြင့် သံလမ်းပေါ်ဘေး တစ်ဖက်တစ် ချက်တွင် တင်ဆောင် ပိတ်ဆို့ထားခြင်းနှင့် အင်္ဂတေပြန်လည်လောင်းရန် ရည်ရွယ်ချက်ဖြင့် သံလမ်းပေါ်တွင် ကျောက်ခဲ(၂)ပုံစုပုံထားခြင်းများ ကြုံတွေ့ခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ဝိုင်းဝန်းဖယ်ရှားရှင်းလင်း ဆောင်ရွက် ပေးခဲ့သဖြင့် ရထားသည် ခရီးဆုံး ဘူတာသို့အောင်မြင်စွာပြေးဆွဲနိုင်ခဲ့သည်။ မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီးမှုများ အတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေး-ရွှေဘိုခရီးစဉ်၊ အင်းစိန်-ဥက္ကံခရီးစဥ်များကို မြန်မာ့မီးရထားက နေ့စဥ်ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)