Skip to main content

တမူးမြို့၌ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံရှင်းလင်းစဉ် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့် လာရောက် ပစ်ခတ်

နေပြည်တော် ဧပြီ ၁၂ တမူးမြို့နယ်၌ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ယနေ့ နံနက် ၆ နာရီခန့်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့ပေါ်ရပ်ကွက်များအတွင်း အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထု သွားလာရေးအဆင်ပြေစေရေးနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပါက လွယ်ကူလျင်မြန်စွာ သွားနိုင်ရေးတို့အတွက် ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများကို လူအင်အား၊ ယာဉ်၊ ယန္တရားများဖြင့် လိုက်လံရှင်းလင်းနေစဉ် နံနက် ၇ နာရီ မိနစ် ၂၀ စန္ဒကူး ရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ "ဂရေ့စ်" ပုဂ္ဂလိကဆေးခန်းအနီးအရောက် ဆူပူအကြမ်းဖက် သောင်းကျန်းသူအင်အား (စိစစ်ဆဲ)က လက်နက်ငယ်၊ ၄၀ မီလီမီတာ ဗုံးသီးများဖြင့် အကြမ်းဖက် ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၈ နာရီ ၅ မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခဲ့ပြီး နံနက် ၉ နာရီ ၅ မိနစ်တွင် စန္ဒကူးရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ "တော့ပ်စတား" ဘော်ဒါ ဆောင်အဟောင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါ အဆောင်အတွင်း လူတစ်ဦး တစ်ယောက်မှ မတွေ့ရှိရသော်လည်း အဆောင်အတွင်းမှ ဒိုင်းမျိုးစုံ ၃၀ ချပ်၊ စကားပြောစက် ၃ လုံး၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ဓားရှည် ၁ ချောင်း၊ လောက်လွှဲစင် ၁ ခု၊ မီးစာတပ်ဆင်ထားသည့် မီးပုလင်းများ၊ ထမင်းထုပ်များနှင့် ဖိနပ်အရံ ၅၀ တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များက "တော့ပ်စတား"အဆောင်အတွင်း ဝင်ရောက်စစ်ဆေးနေစဉ် ၎င်းအဆောင်အနီးသို့ ချဉ်းကပ်လာသူ စန္ဒကူး(၅)ရပ်ကွက်၊ ရွှေဉဒေါင်းလမ်းနေ ပါရာကတ်(ခ) ဇော်နိုင် (၂၀)နှစ် (ဘ) ဦးခါရာနန်တာ ပါအမျိုးသား ၄ ဦးကို တွေ့ရှိရ၍ ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါအမျိုးသား ၄ ဦးထံမှ လက်လုပ်ဂက်(စ်)သေနတ် ၃ လက်၊ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။ အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)