Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သာသနာတော် ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်အနားကျင်းပရေး ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

နေပြည်တော်၊ ဧပြီ ၁၂ ၂၀၂၁ ခုနှစ်၊ မေလ ပထမပတ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဦးဆောင်ကျင်းပမည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသည့် လူပုဂ္ဂိုလ် ၁၂၄ ဦး တို့အား ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားကို အကြောင်းကြောင်းကြောင့် ခေတ္တဆိုင်းငံ့ထားပြီး သင့်လျော်သည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆရာတော်ကြီးများထံ လျှောက်ထားခဲ့ပါကြောင်း။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက် နိုင်ပြီဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုးအနက် အမြင့်ဆုံးဘွဲ့တံဆိပ် ၂ မျိုးဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ အမျိုးသား ၁၁ ဦး၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၃၉ ဦးတို့ကို နေပြည်တော်တွင် ဝါဆိုလပြည့်နေ့မတိုင်မီ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း၊ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးများကို ဝါစဉ်အလိုက်ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘွဲ့တံဆိပ်ရယူမည့် လူပုဂ္ဂိုလ်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အချိန်ပေးထားခြင်းဖြစ်ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ တက်ရောက် ကြမည့် ဘွဲ့ခံလူပုဂ္ဂိုလ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိသည့် ဆေးစစ်ချက် မှတ်တမ်းနှင့်အတူ လာရောက်ရမည်ဖြစ်သည့်အတွက် အချိန်ပေးထားခြင်းဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသည် ဆရာတော် သံဃာတော်များ မပါဝင်ဘဲ လူပုဂ္ဂိုလ်များသာ သီးသန့်ချီးမြှင့်အပ်နှင်းသည့်ပွဲဖြစ်သည့်အတွက် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များအတွက် အခမ်းအနားတွင် ထိုင်ခုံများဖြင့်သာ စီစဉ်ဆောင်ရွက် ထားရှိရန်ဖြစ်ကြောင်း၊ ဘွဲ့ခံလူပုဂ္ဂိုလ်များ တစုတစည်းတည်း တည်းခိုနေထိုင်နိုင်ရေးအတွက် ဟိုတယ် တစ်ခုတည်းတွင် စီစဉ်ထားရှိရန် လိုအပ်ကြောင်း၊ တည်းခိုနေထိုင်သည့် ကုန်ကျစရိတ်အား ဘွဲ့ခံလူပုဂ္ဂိုလ်များမှ ကျခံရမည်ဖြစ်ကြောင်းနှင့် ဟိုတယ်မှ အခမ်းအနားကျင်းပမည့်နေရာသို့ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် တက်ရောက်ခြင်းမရှိစေဘဲ ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီမှ စီစဉ်သည့် မော်တော်ယာဉ်များဖြင့် စုပေါင်းကြိုဆိုပို့ဆောင်ရေး စီစဉ်ထားရှိရန် ဖြစ်ကြောင်း။ ထို့အတူ ကျန်ရှိသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ၆ မျိုး ရရှိကြသော အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၈၅ ဦးတို့ကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် သတ်မှတ်နေရာ အသီးသီးတို့၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်း နှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့က စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်မည့်အစီအစဉ်များကို ကြိုတင်ပေးပို့သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရန်ရှိသည်များကို ကြိုတင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ကျင်းပမည့် နေ့ရက် သိရှိပါက အစည်းအဝေးထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆပ်ကော်မတီများအနေဖြင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)