နေပြည်တော် ဧပြီ ၁၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယမန်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီသွားညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်လေ့ရှိသည့် ရန်ကုန် ရွှေတိဂုံပုံစံတူ စေတီ တော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
အဆိုပါ စေတီတော်မှာ ၁၉၉၈ ခုနှစ်တွင် စတည်တည်ထားကိုးကွယ်ခဲ့ပြီး ဉာဏ်တော် အမြင့် (၁၀၈-ပေ) ရှိ၍ စေတီတော် မြတ်ကြီး၏ ရင်ပြင်တော်မှ မြို့၏ သဘာဝအလှအပများကို တွေ့မြင်ခံစားနိုင်သည့်အတွက် ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သောနေရာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အတွင်း ခရီးသွားရွာ(၁၂)ရွာဖော် ဆောင်မည့် စီမံချက်များအနက် တစ်ခုဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းရှိ ဟွေယုန်းကျေးရွာ သို့ သွားရောက်ကြည့်ရှုသည်။ အဆိုပါကျေးရွာသည် ဒေသခံ အာခါတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များကို လေ့လာနိုင်သော လူထုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT) ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာ ဖြစ်ကြောင်းသိရသည်။ ၄င်းကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀၀) ကျော်တွင် တည်ရှိပြီး တောတောင်ရေမြေသဘာဝနှင့် ရှုမျှော်ခင်းများ ကြည့်ရှု ခံစားနိုင်သည့် အပြင် လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနေဖြင့် ကျေးရွာပတ်ဝန်းကျင် တစ်လျှောက်တွင် Trekking ပြုလုပ်နိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်အတွင်းရှိ Phalan Resort Hotel သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့် လှစ်နိုင်ရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လွယ်စတုံ ကျေးရွာအတွင်း၌ ပြည်တွင်းခရီးစဉ်များ ပြန်လည်စတင်ချိန်တွင် ခရီးသွားဧည့်သည်များ လာရောက်အနားယူ အပန်းဖြေလည်ပတ်နိုင်မည့် ခရီးသွားဆွဲဆောင်ရာနေရာများ၊ လားဟူ ငါးကန်တို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

19 May, 2025
19 May, 2025