နေပြည်တော် ဧပြီ ၁ဝ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်- တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်းအပိုင်းအား လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ ဥတ္တရခရိုင်မှ မိုင်တိုင် အမှတ်(၄၁/၀)နှင့် (၄၄/၂)အကြားတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော် - တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်းသည် ရိုးမဖြတ်ကျော်လမ်း (၇)လမ်းတွင် အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်းချဲ့ခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ကွန်ကရစ်ခင်းရာတွင် အရည်အသွေး ပြည့်မီစေရေးနှင့် လမ်းပုခုံးကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် Guard Rail များကိုလည်း လိုအပ်သည့် နေရာတွင် တပ်ဆင်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။
နေပြည်တော် - တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်း နေပြည်တော်ကောင်စီ နယ်မြေအပိုင်းအား လမ်းဦးစီးဌာန ( နေပြည်တော် )မှ ထိန်းသိမ်းဆောင်ရွက် လျက်ရှိပြီး လမ်းအရှည် (၃၂)မိုင် (၂)ဖာလုံရှိပြီး ၊ လမ်းအကျယ် (၁၂)ပေမှ (၁၈)ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် မိုင် (၃၀)(၂) ဖာလုံ ပြီးစီး မည်ဖြစ်သည် ။ ယခင်က နေပြည်တော်မှ မကွေးတိုင်းနယ်စပ်အထိ (၁)နာရီခွဲအချိန်ကြာ မောင်းနှင်ခဲ့ရပြီး ယခုအခါ မိနစ်(၅၀)ဖြင့်သာ ခရီးသွားပြည်သူများ အချိန်တိုအတွင်း သွားလာ နိုင်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်- အောင်လံ- တောင်တွင်းကြီး လမ်းပေါ်တွင် တံတားဦးစီးဌာန ၊ တည်ဆောက်ရေး(၁) ၊ တံတားအထူးအဖွဲ့(၃)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော အရှည် ပေ(၁၈၀) နှစ်လမ်းသွား ပရပ်ကျယ်ချောင်းတံတားသစ် တည်ဆောက် နေမှုအခြေအနေကိုလည်းကောင်း၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)မှ အရှည် ပေ (၃၀၀) နှစ်လမ်းသွား ကြေးနီချောင်းတံတားသစ် တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများသည် တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)မှ တာဝန်ယူတည်ဆောက်နေသော ဧရာဝတီတံတား (သရက် - အောင်လံ) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဌေးအောင်က တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်း များ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်း ကောင်း၊ ရေလည်တိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေတို့ကို လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်ရန် ၊ ဘိုးပိုင်များတူးရာတွင် ယခင်တံတားတည်ဆောက်ရေးလုပ်ငန်းများ ၏ အတွေ့အကြုံကို ရယူပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင် အသုံးပြု သည့် စက်/ယာဉ်/ယန္တရားများကို သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှုမရှိစေရေး အထူးအလေး ထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း တံတားကြီးကို အရည်အသွေး ပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေး မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် အောင်လံဘက်ခြမ်း တံတားလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေကိုလည်းကောင်း ၊ ရေလည်ကျွန်းပေါ်သို့ သွားရောက်၍ ရေလည် တိုင်အမှတ် (RP6 - RP7- RP8- RP9- RP10- RP11 တိုင်လုပ်ငန်းများ ဆောင်ရွက် နေမှုကိုလည်းကောင်း ရေလည် တိုင်အမှတ်(RP-8)တွင် Pile Cap သံဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ သရက်ဘက်ကမ်းတွင် ရေကြောင်းသွားသ င်္ဘောများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လုပ်ငန်းလို အပ်ချက်များ မှာကြားသည်။
ဧရာဝတီတံတား(သရက်-အောင်လံ)သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်မြို့ တို့ကို ဆက်သွယ်တည်ဆောက်ထားကာ စုစုပေါင်း တံတားအရှည် (၂၂၇၂ ဒသမ ၅)မီတာ၊ ယာဉ်သွားလမ်းအကျယ် ( ၈ ဒသမ ၅ )မီတာ လူသွားလမ်းတစ်ဘက်လျင် ( ၁ )မီတာစီ ပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ်အကျယ် မီတာ(၁၃၀)၊ အမြင့်(၁၆)မီတာရှိကာ တံတား အမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ AASHTO HS 25 Loading ဖြစ်သည်။
ယခုတည်ဆောက်နေသည့် ဧရာဝတီတံတား(အောင်လံ-သရက်) တည်ဆောက်ပြီးစီးပါ က ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ သရက်မြို့နှင့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ အောင်လံ မြို့တို့မှ ဒေသခံပြည်သူများ အချိန်တိုအတွင်း လွယ်ကူလျင်မြင်စွာ သွားလာနိုင်မှာ ဖြစ်သလို နောင်တစ်ချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ သရက်၊အောင်လံ၊ နေပြည်တော်ကို ဖြတ်ပြီး အနယ်နယ်အရပ်ရပ်သို့ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်ရှိ အရေးပါသော တံတားတစ်စင်းအဖြစ် တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)