နေပြည်တော် ဧပြီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့နံနက်ပိုင်းက ချောင်းမငယ်ဆည်ရေသောက် ဧရိယာအတွင်း သီးနှံသစ်တော ရောနှော စိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နေပြည်တော် လယ်ဝေးမြို့မှ (၁၂) မိုင်ခန့်အကွာ ၊ ပန်းညိုစမ်းကျေးရွာအနီးရှိ ချောင်းမ ငယ် ရေလှောင်တမံနှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာဝန်းကျင်ရှိ ပန်းညိုစမ်း၊ ကြိမ်ဖန်၊ အောင်းကြီးကုန်း၊ ရွာမ၊ ရွာသစ်၊ ကနစိုး၊ မဒေါ့ပင်၊ ပေတုန်းမြောင်၊ ကန်လှ စသည့် ကျေးရွာ (၉)ရွာတွင် အိမ်ထောင်စု ၂၃၀၀ ကျော် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာ အဆိုပါလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးပြုလုပ်ကိုင် လာနိုင်ကြစေရန်နှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရန်၊ မြေယာ အသုံးပြုမှုအတွက် ဥပဒေနှင့် အညီအသုံးပြုခွင့်ရရှိစေရန်၊ ကျေးလက်လမ်း တံတားများ ဖွံ့ဖြိုးလာ စေရန်နှင့် လယ်ယာသုံး စက်ကိရိယာ အသုံးပြုမှု ပိုမိုဖွံ့ဖြိုးလာစေရန် စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဒေသ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများ၊ လူမှုရေး ကျန်းမာရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ချောင်းမငယ်ဆည်ဧရိယာအတွင်း သီးနှံ သစ်တောရောနှောစိုက်ခင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ကို ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ဝန်းကျင် ခရီးသွားဝန်ဆောင်မှု တိုးတက်စေပြီး ဒေသဝန်းကျင် စိမ်းလန်း သာယာရေးကို အထောက်အကူပြုနိုင်ရန် နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိသော စိုက်ပျိုး မွေးမြူရေးစနစ် ထွန်းကားလာစေရန်၊ စီမံကိန်းဧရိယာအတွင်းရှိ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေရန် တို့ကို ရည်ရွယ်၍ ချောင်းမငယ်ဆည်ရေသောက် ဧရိယာတွင် သီးနှံ သစ်တော ရောနှော စိုက်ခင်းများ ထူထောင်ရေးလုပ်ငန်း ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
သီးနှံ သစ်တော ရောနှောစိုက်ခင်းများ ထူထောင်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းကြောင့် ဒေသနေပြည်သူများ အနေဖြင့် ယင်းတို့နှစ်သက်ရာ နှစ်ရှည်သစ် ကြီးပင်များ နှင့်အတူ ရာသီ သီးနှံပင်များစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းတွဲဘက် လုပ်ကိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အတွက် လိုအပ်သည့် နည်းပညာနှင့်အကူအညီများကို စိုက်ပျိုးရေး ဦးစီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် သစ်တောဦးစီးဌာန တို့က ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး နှင့် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး ၊ ကျေးလက်လမ်း တံတားများ ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်း အသစ်ဆောက်လုပ် ပေးခြင်း တို့ကိုလည်း သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ချောင်းမငယ်ဆည် လုံခြုံဘေးကင်းရေး နှင့် ရေရှည်အသုံးပြုနိုင်ရန် ၊ သစ်တော ပြုန်းတီးမှုကို ကာကွယ်နိုင်ရန် ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တစ်ဘက်တစ်လမ်း က ထိန်းသိမ်းပေး နိုင်ရန် တို့ကို မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)