Skip to main content

၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ဧပြီ ၁၀ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား ဧပြီ ၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ပုလဲအတွဲ ၃၁၇ တွဲကို ငွေကျပ် ၁၄၂၇ ဒသမ ၂၆ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲကို ငွေကျပ် ၃၁၅၉၅ ဒသမ ၇၉ သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲ ၅၂ တွဲကို ငွေကျပ် ၄၂၅ ဒသမ ၈ သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ဒဿမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲအမှတ် ၁၈၀၁ မှ အတွဲအမှတ် ၂၁၄၈ အထိ ကျောက်စိမ်းအတွဲ ၃၄၈ တွဲတွင် ကျောက်စိမ်းအတွဲ ၃၄၇ တွဲကို ငွေကျပ် ၇၃၁၁၀၇၆၀၄၄ ဖြင့် ရောင်းချခဲ့ရသည်။ “အခုလို ကိုဗစ်ကာလမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေ ငွေကြေးလည်ပတ် မှုရှိစေဖို့နဲ့ ကျောက်စိမ်းကိုအမှီပြုလုပ်ကိုင်ရတဲ့ ကျောက်မျက်ရတနာ အချောထည် လုပ်ငန်းတွေအတွက် ကျေက်စိမ်းအရိုင်းလိုအပ်မှု ဖြည့်ဆည်းနိုင်ဖို့နဲ့ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေချောမွေ့စေဖို့၊ စားဝတ်နေရေး ပြေလည်စေဖို့ ရည်ရွယ်ကျင်းပ ခဲ့ခြင်း ဖြစ်ပါတယ်။ “အခုရောင်းချပွဲကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းချက်တွေ နဲ့အညီ ကျင်းပခြင်းလည်းဖြစ်တယ်။ Social Distancing နဲ့ အညီ ကျင်းပတာ ဖြစ်တဲ့ အတွက် ယခင်ကျင်းပခဲ့တဲ့ ပြသရောင်းချပွဲတွေထက် လာရောက်ကြည့်ရှုဝယ်ယူသူတွေ အနည်းငယ်နည်းပါတယ်။ ဒါပေမယ့် ရောင်းချရမှုအပိုင်းမှာတော့ ယခင်ပွဲတွေထက် အနည်းပါဘူး။ အောင်မြင်တဲ့ပြသရောင်းချပွဲ တစ်ပွဲဖြစ်ပါတယ်” ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ယခု ရောင်းချပွဲကို ဧပြီ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ ပုလဲအတွဲ ၃၁၇ တွဲတွင် ၃၁၇ တွဲစလုံးရောင်းချခဲ့ရပြီး၊ ကျောင်စိမ်းအတွဲ ၂၁၄၈ တွဲတွင် ၁၉၅၅ တွဲနှင့် ကျောက်မျက်အတွဲ ၁၉၉ တွဲတွင် ၅၂ တွဲရောင်းချခဲ့ရခြင်းဖြစ်သည်။ “ကိုဗစ် -၁၉ စည်းကမ်းတွေနဲ့ ပြသရောင်းချပွဲ ဖြစ်တာကြောင့် ယခင်ပြသရောင်းချ ပွဲတွေထက် လူဝင်ရောက်မှု အနည်းငယ်လျော့နည်းတာတွေ့ရတယ်။ ပုလဲအတွဲတွေ၊ ကျောက်မျက်အတွဲတွေနဲ့ ကျောက်စိမ်းအတွဲတွေ ရောင်းချရမှုတွေအရ အောင်မြင်တဲ့ ရောင်းချပွဲ ဖြစ်တယ်လို့ ဆိုရမှာဖြစ်တယ်။ ပြည်တွင်းမှာ အချောထည်အဖြစ် အသုံးပြုဖို့ အပြင် ပြည်ပကိုပြန်လည်ရောင်းချဖို့ အရည်အသွေးမီတဲ့ ကျောက်တွေလည်း ပါတာတွေ့ရ တယ်။ ဒီပြပွဲကို လာရောက်ကြည့်ရှုဝယ်ယူရတာ အစစ အရာရာ အခက်အခဲမရှိ အဆင်ပြေ ချောမွေ့ပါတယ်။ ကျွန်တော် ဝယ်ယူခဲ့တဲ့ ရတနာပစ္စည်းတွေနဲ့ ပတ်သက်ပြီး အမြတ်အစွန်း ရမယ်လို့ ယုံကြည်တယ်” ဟု ရတနာကုန်သည်တစ်ဦးက ပြောသည်။ နိုင်လင်း