နေပြည်တော် ဧပြီ ၁၀
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကော်မတီဝင်များ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုုပ် ဦးစိုင်းထွန်းညို နှင့်အတူ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှစစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းသန်း၊ ဦးသန်းထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မီးဘေးသင့် တိမ်ညိုတိုက် ပွဲရှောင်စခန်းမှစခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယခင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ဥက္ကဋ္ဌ အဖြစ် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းများပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကို ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိလာကြသူများအနက် နေရပ် မပြန်လိုသေးသူများ အတွက် မီးဘေးသင့်ခဲ့သည့် ယာယီစခန်းများကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ပြီး၊ မိမိတို့၏ မူရင်းနေရပ်များသို့ ပြန်မည့်သူများအား ဦးစားပေး၍ ပြန်လည် နေရာချထားရေးလုပ်ငန်းများ၊ လတ်တလော ရိက္ခာလိုအပ်ချက်များ ထောက်ပံ့ပေးပြီး၊ အသက်မွေးဝမ်းကျောင်းအတွက်လည်း ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်၍ ဤအခွင့် အရေးကို လက်မလွတ်စေဘဲရယူကြဖို့ တိုက်တွန်းလိုကြောင်းပြောကြားသည်။
ဆက်လျက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက လက်ရှိအချိန်တွင် တိုက်ပွဲများမရှိတော့ဘဲ အေးချမ်းတည်ငြိမ် နေပြီဖြစ်၍ မိမိတို့ဆန္ဒနှင့်အညီ နေရပ်သို့ ပြန်မည့်သူများအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ တို့၏ အစီအစဉ်ဖြင့် ဆန်ရိက္ခာ ၃ လစာ နှင့် အခြားသော ထောက်ပံ့မှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူမှုဒုက္ခ ရောက်သူများကို ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း၊ အရေးပေါ်လိုအပ်ချိန်များတွင်လည်း နိုင်ငံအနှံ့ ဖြန့်ခွဲထားသည့်နေရာများမှ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်စဉ်တွင် ပူပန် နေရသည့် လူမှုရေး ဆုံးရှုံးမှုဒုက္ခများကို ပပျောက်စေရေးအတွက် မိမိတို့၏ နေရင်းဒေသများသို့ ပြန်လည် နေထိုင် လုပ်ကိုင် ကြခြင်းသည်သာ မိမိတို့အတွက် အကောင်းဆုံးဖြစ်စေမည် ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိမိတို့၏ ရခိုင်ပြည်နယ် တစ်ခုလုံးသည် လက်ရှိအချိန်တွင် တည်ငြိမ် အေးချမ်း လုံခြုံနေပြီ ဖြစ်၍ မိမိတို့၏ နေရပ်များတွင် ပြန်လည် အခြေချ နေထိုင်ကြပြီး လူမှုစီးပွား တိုးတက်အောင် ပြန်လည် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် တိမ်ညိုတိုက်ပွဲရှောင်စခန်းမှ ကိုယ်စားလှယ်များက ၎င်းတို့ လတ်တ လောကြုံတွေ့နေရမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့က မီးဘေးသင့် တိမ်ညိုတိုက်ပွဲရှောင် စခန်းနေသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ ထောက်ပံ့မှုများကို စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များသို့ ပေးအပ် ခဲ့ပြီး စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ဧပြီ ၉ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ အမ်းမြို့သို့ ရောက်ရှိခဲ့ကြပြီး ရွှေအမ်းတောင်ခန်းမတွင် အမ်းမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာ စခန်းများမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချ ထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့က အမှာစကား အသီးသီး ပြောကြားသည်။
ထို့နောက် အမ်းမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ကိုယ်စားလှယ် များက ၎င်းတို့ လတ်တလောကြုံတွေ့နေရမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့မှ ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ ကျောက်ဖြူမြို့၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ ကြသည်။ အဆိုပါ ခရိုင်အုပ်ချုပ်ရေးခန်းမတွင် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းကော်မတီဝင်များ၊ စခန်းနေသူ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်း က ကျောက်တစ်လုံး IDP စခန်း ရွှေ့ပြောင်း ပိတ်သိမ်းမည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောက်တစ်လုံး IDP စခန်းမှ စခန်းကြီးကြပ်ရေး ကော်မတီဝင်များ၊ စခန်းနေသူ ကိုယ်စားလှယ်များက ပြောင်းရွှေ့နေရာချထားရာတွင် ဆောင်ရွက်ပေးစေ လိုသည့်အချက်များအား တင်ပြခဲ့ကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ ထောက်ပံ့မှုများအား ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စုရှိ ကျောက်တစ်လုံး IDP စခန်း၏ လက်ရှိအခြေအနေနှင့် ရွှေ့ပြောင်း နေရာချထားမည့် နေရာ၏ အခြေအနေ များအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး IDP စခန်း ပိတ်သိမ်း၍ ရွှေ့ပြောင်းနေရာ ချထားရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာသည်။
ခရီးစဉ် အတွင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ယာယီခိုလှုံရာစခန်းနေသူများ အတွက် အိမ်ထောင်စု တစ်စုလျင် အခြေခံစားကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် ဆီ ၂ လီတာ၊ ပဲ ၂ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ကြက်သွန်ဖြူ ၅၀ ကျပ်သား၊ ကာပေါ်လိတ်နှင့် ရွှေဝါဆပ်ပြာ၊ ဆပ်ပြာမှုန့်ထုတ် တို့ကို ထောက်ပံ့ပေးခဲ့ရာ မြောက်ဦးမြို့နယ်၊ မီးဘေးသင့် တိမ်ညိုတိုက်ပွဲရှောင်စခန်းနေသူ အိမ်ထောင်စု ၈၇၅ စုအတွက် ထောက်ပံ့မှုတန်ဖိုး ငွေကျပ် ၁၁,၇၁၆,၂၅၀၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အိမ်ထောင်စု ၅၁၇ စု အတွက် ထောက်ပံ့မှုတန်ဖိုး ငွေကျပ် ၇,၃၃၆,၂၃၀၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းမှ အိမ်ထောင်စု ၃၆၃ စု အတွက် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၄,၀၆၁,၉၇၀၊ စစ်တွေမြို့ရှိ IDP စခန်း ၃၀ မှ အိမ်ထောင်စု ၁,၀၈၈ စုအတွက် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၁၄,၅၆၈,၃၂၀၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၃၇,၆၈၂,၇၇၀ ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာနက မီးဘေးသင့် တိမ်ညိုတိုက်ပွဲရှောင်စခန်းနေသူ များအတွက် ငွေကျပ် ၁,၀၀၀,၀၀၀၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းနေသူများအတွက် ငွေကျပ် ၅၀၀,၀၀၀၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းနေသူများ အတွက် ငွေကျပ် ၅၀၀,၀၀၀၊ စုစုပေါင်း ငွေကျပ် ၂,၀၀၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အနေဖြင့် မူရင်းနေရပ်များသို့ ပြန်မည့်သူများ အနက် နေအိမ် ဆောက်လုပ်ပေးရန် လိုအပ်သူများ၊ နေအိမ်ပြုပြင်ရန် လိုအပ်သူများ စာရင်းကို စနစ်တကျ ပြုစု၍ စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လတ်တလော ရိက္ခာလိုအပ်ချက်အတွက် ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ အသက် မွေးဝမ်း ကျောင်းအတွက် လိုအပ်သည်များ ပံ့ပိုးပေးခြင်းတို့ကို ဦးစားပေးအဆင့် အလိုက် အလျင် အမြန်စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)