နေပြည်တော်၊ မတ် ၂၅
၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၅၄ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင်အား မျက်နှာဖုံးများစွပ်ထားပြီး အနက်ရောင်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်လူအုပ်စုအင်အား ၈ ဦး(စိစစ်ဆဲ)တို့သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား ဆဲဆိုခြိမ်းခြောက်ကာ ၎င်းတို့ထံတွင် အသင့်ပါလာသော ရဲဒင်း၊ တုတ်များဖြင့် ဆီပန့်ကောင်တာနှင့် ငွေစာရင်းကောင်တာများအား အကြောင်းမဲ့ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် ဆီပန့်ကောင်တာ ၅ လုံး နှင့် ငွေစာရင်းကောင်တာ ၁ လုံး တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ် ခန့်တွင် ဆူပူအကြမ်းဖက်သူ ၁ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်ဦးမှ ပြင်ဦးလွင် မြို့နယ်၊ နွယ်ဝတီဟိုတယ်အား ဒေသန္တလက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ အသီးသီးလာရောက် ပစ်ခတ်ခဲ့ရာ အသံမြည်ရုံ သာကွဲခဲ့ပြီး ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိိကြောင်း သိရှိရသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရဲစခန်းဝင်းအတွင်းသို့ ယနေ့နေ့လယ် ၂ နာရီ ၅၅ မိနစ်ခန့်တွင် အမျိုးသား ၃ ဦးမှ ရေနံဆီထည့်ထားသည့် မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါအမျိုးသား ၃ ဦးမှာ ပြန်လည် ထွက်ပြေးသွားခဲ့ပြီး မီးပုလင်းဖြင့် ပစ်ပေါက်မှုကြောင့် ရဲစခန်းဝင်းအတွင်းရှိ သက်သေခံ ဆိုင်ကယ် ၄ စီးမှာ အနည်းငယ်မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ စက်သုံးဆီအရောင်းဆိုင်အား မင်းမဲ့စရိုက်ဆန်စွာဝင်ရောက် ဖျက်ဆီးခဲ့သူများ နှင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်