နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အဆင်ပြေချောမွေ့စွာ ပုံမှန် ပြန်လည်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင် ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများ ရပ်နားပိတ်သိမ်းမှုများကြောင့် အလုပ်သမား (၁) သိန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရ ပါကြောင်း၊ ယခုအရေးပေါ်ကာလတွင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကိုလည်း CDM လှုပ်ရှားမှုတွင် ပါဝင်အောင်လှုံ့ဆော်စည်းရုံးမှုများရှိပါကြောင်း၊ ထို့ကြောင့် စက်ရုံ၊အလုပ်ရုံအချို့ သည် လုပ်ငန်းများ ရပ်ဆိုင်းမှုများရှိသည့်အတွက် ကုန်ထုတ်လုပ်မှုများ လျော့နည်းကျဆင်း ခဲ့ရပါ ကြောင်း၊ အလုပ်ရှင်များလည်း ထိခိုက်နစ်နာမှုများရှိသကဲ့သို့ အလုပ်သမားများလည်း လုပ်ခ လစာမရရှိကြဘဲ စားဝတ်နေရေးခက်ခဲကြပ်တည်းမှုများ ဖြစ်ပေါ်ခဲ့ကြပါကြောင်း၊ ယင်းသို့ အရေး ပေါ်ကာလအတွင်း CDM လှုပ်ရှားဆောင်ရွက် ခြိမ်းခြောက်မှုများကြောင့် အလုပ်သမားများ အခက် အခဲဖြစ်ကာ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ရန်ခက်ခဲမှုများရှိလာပြီး ဆက်လက်လည်ပတ် ဆောင်ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းနေသည့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ လုပ်ခလစာ များပေးချေနိုင်ရေးနှင့် အလုပ်သမားများအား CDM တွင် ပါဝင်ရန် ခြိမ်းခြောက်မှုများ လျော့ပါးစေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အဆင်ပြေ ချောမွေ့စွာ ပုံမှန်ပြန်လည် လည်ပတ် နိုင်မှသာ အလုပ်သမားများ လုပ်ခလစာရရှိပြီး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာကာ နိုင်ငံ၏စီးပွားရေး ကဏ္ဍသည်လည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် CDM လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ကြမ်းပြတ်လပ် ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ယာယီ ပိတ်သိမ်းခြင်း၊ CDM တွင် ပါဝင်သူ အချို့သည် စက်ရုံပေါက်မှ စောင့်ကာ အလုပ်ဆင်းရန် လာရောက်သည့် အလုပ်သမားများအား အလုပ်မဆင်းရန် တားဆီးနှောင့်ယှက်ခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းများကို သိရှိရပါကြောင်း၊ သို့သော် တစ်ချို့ စက်ရုံ၊ အလုပ်ရုံများသည် ပုံမှန်လည်ပတ်မှုရှိသဖြင့် CDM မပါဝင်ဘဲ ပုံမှန်အလုပ်ဆင်းနေသည့် အလုပ်သမားများအတွက် လုပ်ခလစာကို ပေးချေရမည်ဖြစ်ပါကြောင်း၊ မကြာခင် လကုန်တော့မည်ဖြစ်သဖြင့် အလုပ်ဆင်းသည့် အလုပ်သမားများအတွက် အခကြေးငွေပေးချေရေးဥပဒေအရ လုပ်ခလစာ ပေးချေနိုင်ရေးနှင့် ယခုကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သည့်ရက်များ အတွက် ဥပဒေနှင့်အညီ လုပ်ခဖြတ်တောက်ကာ ထုတ်ပေးရန် ကျန်သည့် လုပ်ခလစာများ အပြည့်အဝ ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ထို့ပြင် CDM ခြိမ်းခြောက်မှုများ လျော့နည်းသွားရေးနှင့် အလုပ်သမားများ လုပ်ငန်းခွင်သို့ ချောချောမောမော အမြန်ပြန်လည် ဝင်ရောက်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ စက်ရုံ၊ အလုပ်ရုံများ အဆင်ပြေစွာ ပုံမှန်ပြန်လည် လည်ပတ် နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာန အနေဖြင့် ယခုကာလအတွင်း အလုပ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များ မှန်မှန် ကန်ကန်နှင့် အပြည့်အဝရရှိစေရေးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး စက်မှုဇုန် အသီးသီးမှ တာဝန်ရှိသူများကလည်း စက်ရုံ၊ အလုပ်ရုံ များ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများအခွင့်အရေးကို အလေးထား ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်းနှင့် ယခုတက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ စက်မှုဇုန်များမှ ကိုယ်စားလှယ် များ စက်ရုံ၊ အလုပ်ရုံများ အဆင်ပြေချောမွေ့စွာ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် အလုပ်ခွင် ဝင်နေသည့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင်ရေးတို့အတွက် ဆောင်ရွက် ရမည့်နည်းလမ်းများ၊ အကြံဉာဏ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေး ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်၌ စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်လည်ပတ်ဆောင်ရွက်နေမှု၊ လက်ရှိအခြေအနေအရ CDM အဖွဲ့များ ခြိမ်းခြောက်ခံရမှုကြောင့် စက်ရုံများသို့ မလာရောက်နိုင်ဘဲ လုပ်ငန်းခွင်ပျက်ကွက်နေသည့် လုပ်သားအင်အားအခြေအနေ၊ CDM မပါဝင် ဘဲ ဆက်လက် လည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်သားအင်အားအခြေအနေ၊ လကုန်ရက်တွင် အလုပ်သမားများအား လုပ်ခလစာထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှု၊ အလုပ်သမားများအား CDM တွင် ပါဝင်ဆောင်ရွက်မှုလျော့နည်း စေရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ UMFCCI မှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် များက စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ စက်မှုဇုန်အသီးသီးမှ စီမံခန့်ခွဲ ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အလုပ်သမားများ အလုပ်ခွင်ရေရှည်တည်မြဲ ရေး၊ ဘဏ်များနှင့်ချိတ်ဆက်၍ လုပ်ခလစာပေးချေနိုင်ရေးနှင့် စက်မှုဇုန်အလိုက် လုပ်ငန်းလိုအပ် ချက်များ၊ လုပ်ငန်းအခက်အခဲများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်ရှင်၊ အလုပ်သမားရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ အရေးပေါ်ဖြေရှင်းရန် ရှိပါက အလုပ်သမားရေးရာဆိုင်ရာ ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး၊ အလုပ်သမားများ CDM လှုပ်ရှားမှုတွင် ပါဝင်မှုလျော့နည်းရေး၊ ဥပဒေနှင့်အညီ လုပ်ခလစာ ပေးချေနိုင်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)