မင်းဘူး ဖေဖော်ဝါရီ ၂၁
မြန်မာတို့၏ လက်မှုအတတ်ပညာဖြစ်သော “ဘုရားမတင် နတ်မဝင် လူတွင် ပန်းဆယ်မျိုး” ဟု ခေါ်ဆိုသော လက်မှု အတတ်ပညာ ဆယ်မျိုးထဲတွင် ပန်းတော့ အတတ်ပညာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပန်းတော့ဆိုသည်မှာ အင်္ဂတေသရွတ်ဖြင့် ရုပ်လုံး၊ ရုပ်ကြွပေါ်အောင် ဖန်တီး၊ ခြယ်သ၊ မွမ်းမံတန်ဆာ ပြုလုပ်ထားသော ပညာဖြစ်သည်။ ဤအတတ် ပညာသည် အနုစိတ်သည့်လက်မှုအတတ်ပညာ ဖြစ်သည့်အလျောက် တတ်မြောက် သူများလည်း ရှားပါးသည်။
ပန်းတော့အတတ်ပညာဖြင့် ပြုလုပ် ထားသော လက်ရာများကို ဘုရား၊ တန်ဆောင်း၊ ကျောင်းများ၏ မုခ်ဦးများ၊ နံရံများ၊ မင်းခမ်းမင်းနား အသုံးအဆောင်နှင့် ပလ္လင်များ၊ မြန်မာနိုင်ငံ အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ၏ ဘုရားပလ္လင်တော်နှင့် ဂန္ဓကုဋိတိုက်များ၊ ရှေ့မြန်မာဘုရင်များ၏ နန်းတော်များ၊ သာသနိက အဆောက်အအုံများ၌ တွေ့မြင်ကြရမည်။ ၎င်းပညာရပ်သည် အနုစိတ်ပြီး ပညာသားပါသော ပညာရပ်တစ်ခုဖြစ်သည်။ ကနုတ်များ၊ ပန်းများ မွမ်းမံခြယ်သရာတွင် လက်ရာမြောက်ပါက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသေသပ်ပြီး ရှုချင်စဖွယ်ကောင်းသော ပညာရပ်ဖြစ်သည်။
ပန်းတော့ လက်မှုအတတ်ပညာဖြင့် ပြုလုပ်ထားသော ခြူးပန်း ခြူးနွယ်များ၊ ဂဠုန်၊ နဂါး၊ ခြင်္သေ့၊ ဆင် အစရှိသော အရုပ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ရှုချင်စဖွယ် မွမ်းမံတန်ဆာဆင်ထားကြသည်။ ပန်တော့လုပ်ငန်းသည် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများထဲတွင် မြတ်နိုးတန်ဖိုးထားစရာ လက်မှုလုပ်ငန်းဖြစ်သည့်အတွက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပြီး ပန်းတော့လက်မှု ပညာနည်းတူ အခြားပန်းချီ၊ ပန်းပုစသော မြန်မာ့ရိုးရာသုခုမ လက်မှုအနုပညာများစွာတို့ကိုလည်း ထိန်းသိမ်းသွားကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။
ဇေယျာထက်(မင်းဘူး)