ဗန်းမောက် ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မြောက်ဘက်ရှိ တောတောင်များ ထူထပ်သောနေရာ တွင် တည်ထားကိုးကွယ် လျက်ရှိသည့် သမိုင်းဝင်ဣစ္ဆာသယဇလုံတောင်ဘုရားသို့ ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ အန္တရာယ် ကင်းရှင်းစွာ လာရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင် ပွင့်လင်းရာသီရောက်ပါက ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ တစ်နှစ်လျှင် လေးသိန်းမှ ငါးသိန်းအထိဘုရားဖူး လာရောက်ခဲ့ကြသော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်မြို့နယ်နှင့် တစ်မြို့နယ် ကူးသန်းသွားလာမှုများကို ကန့်သတ်ထားမှုများကြောင့် ဘုရားဖူးလာရောက်မှု နည်းပါးလျက်ရှိခဲ့ပြီး ဗန်းမောက် မြို့နယ် အတွင်းရှိဒေသခံများသာ နှစ်စဉ် ဘုရားအား သွားရောက် ဖူးမြော်ခဲ့ကြသည်။
“ပွင့်လင်းရာသီလည်းဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှုကိုလည်း ဖြေလျှော့ပေးလိုက်ပြီဆိုတော့ တစ်နေ့တစ်နေ့ကို ဇလုံတောင်ဘုရားဖူးလာတဲ့ ဘုရားဖူးကားတွေ အစီးရေနှစ်ဆယ်၊ နှစ်ဆယ့်ငါးစီး လောက်လာပြီး ဘုရားဖူးကြတယ်။ ဘုရားဖူးလာကြတဲ့လူတွေများတော့ ကျွန်တော်တို့ ဒီဘုရားကို အမှီပြုပြီး ဈေးရောင်းချ ရတဲ့သူတွေအတွက်လည်း စားဝတ်နေရေးလေး အဆင်ပြေ လာတာပေါ့။ ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘုရားဖူးတွေမလာကြတော့ စားဝတ်နေရေးကို အတော်ရုန်းကန်ခဲ့ရတယ်။ အခုဆိုရင် ဘုရားဖူးလာရောက် သူတစ်စစနဲ့ စည်ကားနေပါပြီ”ဟု ဦးကောစခန်းရေတံခွန်အနီးတွင် မြို့နယ်ထွက်ရိုးရာအစားအစာများနှင့် တောဆေးမြစ်များ၊ ပျားရည် များနှင့် တောသစ်ခွပင်များ၊ အကိုက်အခဲပျောက်သည့် တောမြင်းခွာဆေးမြစ်များ ရောင်းချနေသူ ဦးပေသီးက ပြောသည်။
ယခင်နှစ်များက လမ်းပန်းဆက်သွယ်ရေးမှာ အချို့လမ်းပိုင်းတွင် ကောင်းမွန်ခြင်းမရှိသဖြင့် ဇလုံတောင်တက် မော်တော်ယာဉ်တချို့မှာ မကြာခဏ တိမ်းမှောက်ခြင်း၊ ယာဉ်မတော်တဆမှုများ ဖြစ်ခြင်း၊ တစ်စီးနှင့်တစ်စီး ရှောင်တိမ်းကြရာတွင် လမ်းကျဉ်းမြောင်းမှုများကြောင့် ဘုရားဖူးများ စိုးရိမ်ကြောင့်ကြမှုများရှိခဲ့သော်လည်း ယခုအခါတွင် ပြီးခဲ့သည့်နှစ် နွေရာသီမှစ၍ အဆိုပါ လမ်းပိုင်း အား ကားနှစ်စီးရှောင်နိုင်ရန် လမ်းပြန်ချဲ့၍ပြုပြင်ခြင်း၊ တောင်ဆင်းတောင်တက်များအား အကောင်းဆုံးပြေပြစ်အောင် ဆောင်ရွက်ထားပြီး ဗန်းမောက်မြို့မှ ဇလုံတောင်လမ်းပိုင်းရှိ လမ်း မကောင်းသည့်နေရာတချို့အား ဦးကောစခန်း ရေတံခွန်အထိ ကွန်ကရစ်လမ်းအား ခင်းကျင်း ထားပြီးဖြစ်သောကြောင့် ဘုရားဖူးများ အန္တရာယ်ကင်းရှင်းစွာ လာရောက် ဘုရားဖူးနိုင်ကြပြီ ဖြစ်သည့်အပြင် ယခင်က စေတီတော်ပေါ် သို့တက်သည့် လူတစ်ယောက်သာ သွားလာနိုင်သောလမ်း မှာ တစ်ခုသာရှိသောကြောင့် ဘုရားဖူးမြော်ရန် လာရောက်သူများမှာ အလှည့်ကျစနစ်ဖြင့် တက်ကြရပြီး စောင့်ဆိုင်းနေရမှုမှ ကင်းဝေးစေရန် အတက်အဆင်းလမ်းများ ပြုလုပ် ပေးထားပြီ ဖြစ်သည်။
ထို့အပြင် ယခင်က ဘုရားဖူးခရီးသည်များ နားနေရန်အတွက် ဇရပ်တစ်ဆောင်တည်းသာရှိသော ကြောင့် အခက်အခဲများရှိခဲ့ကြသဖြင့် ယခုအခါတွင် ညအိပ်ညနေ ဘုရားအား ကျယ်ကျယ်ပြန့်ပြန့် နှင့် စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရန်အတွက် ဘုရားရင်ပြင်တော်အား စက်ယန္တရားများဖြင့် ချဲ့ထွင် ရှင်းလင်းကာ သံဃာတော်များ၊ သီလရှင်များနှင့် အဝေးမှလာရောက်ကြသည့် ဧည့်သည်များ၊ တည်းခိုအနားယူနိုင်ရန် လေးထပ်ကျောင်းဆောင်ကြီးအား အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပေး ထားပြီဖြစ်သောကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် တန်ခိုးကြီး ဘုရားဖြစ်သည့် ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားအား လာရောက်ဖူးမြော်နိုင်ပြီ ဖြစ်ပေသည်။
နီတိုး