လူ့သမိုင်း၏ လူ့ဘောင်အဖွဲ့ အစည်းအတွင်းမှ လူများသည် တူရာတူရာ စုပေါင်းနေထိုင်ကြသည်။ မတူရာ အဖွဲ့အစည်းများနှင့်လည်း သင့်မြတ်အောင် နေထိုင်ကြရသည်။ ရှေးဦးကာလက တူရာ အသိုက်အဝန်းများ စုပေါင်းနေထိုင်ကြရာ၌ မတူရာ အသိုက်အဝန်းများနှင့် ပဋိပက္ခဖြစ်ကြ၊ တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ နောက်ဆုံးတွင် ရှေးယဉ်ကျေးမှု လူ့အသိုက်အဝန်းများ ပျက်သုဉ်း ပျောက်ကွယ်သွားသည်ကို တွေ့ရမည်ဖြစ်သည်။
လူ့ဘောင်အဖွဲ့ အစည်းတွင် လူအချင်းချင်း ပေါင်းသင်းဆက်ဆံ နေထိုင်ကြရာ၌ မိမိအကျိုးကိုရယူ လိုရင်း အခြားလူများနှင့် ဆက်ဆံကြရသည်။ သူတစ်ပါးအကျိုးစီးပွားတည်းဟူသော ပရဟိတကိစ္စ များကို မလွှဲသာဘဲ လုပ်ဆောင်လာရသည်။ သူ့အကျိုးနှင့် ကိုယ့်အကျိုး (ပရဟိတနှင့်အတ္တဟိတ) နှစ်ရပ်ကို မျှတအောင်ပေါင်းစပ်ကာ အကျိုးတူနေထိုင်မှုဘဝ အယူအဆကို ရှေးဦးမဆွကပင် လူသားတို့ ယုံကြည်သက်ဝင်ခဲ့ကြသည်။ ပရဟိတနှင့် အတ္တဟိတနှစ်ရပ်ကို ဆောင်ရွက်ရာတွင် မတူကွဲပြားသော အမြင်များကို ချန်လှပ်၍ အားလုံးအပေါ်တွင် တစ်ပြေးညီ မျှတဆောင်ရွက်မှသာ လူ့ဘောင် အဖွဲ့အစည်းသည် အရှည်တည်တံ့ထွန်းကားလေသည်။
လူ့ဘောင်အဖွဲ့အစည်းတွင် နိုင်ငံရေးအတွေးအခေါ်တို့၏ ပင်ရင်းသဘောတရား နှစ်ရပ်ဖြစ်သည့် အကျိုးတူ နေထိုင်မှုအယူအဆနှင့် အတင်းအကျပ်ပြုလုပ်မှု အယူအဆနှစ်ရပ်သည် ဆန့်ကျင်စွာ ဖြစ်ပေါ်ခဲ့ကြသည်။ ထိုသို့ ဆန့်ကျင်စွာဖြစ်ပေါ်ခဲ့သော အယူအဆနှစ်ရပ်သည် ရန်ဘက်ပဋိပက္ခ အဖြစ် လူ့သမိုင်းတစ်လျှောက်လုံး၌ အစဉ်မရပ်မနား ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် မနှစ်မြို့ဖွယ်ရာ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုရန်ဘက်ပဋိပက္ခ အယူအဆနှစ်ရပ်၏ စပ်ကြား၌လည်း နိုင်ငံရေး အတွေးအခေါ်များသည် အသွင် အမျိုးမျိုးဖြင့် ပေါ်ထွန်းခဲ့သည်။ မူလက ဘဝတူ၊ အကျိုးတူ နေထိုင်ခဲ့သော လူ့ဘောင်ဘဝ၏ ဖွဲ့စည်းမှုတွင် အင်အားကြီးသူတို့က အင်အားနည်းသူတို့အပေါ် ဖိနှိပ်ခြင်း၊ ခြယ်လှယ်ခြင်း၊ လွှမ်းမိုးခြင်းတို့သည် ခေတ်သမိုင်း အဆက်ဆက်တွင် အသွင်အမျိုးမျိုး ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီတွင် အားနည်းသူအပေါ် စာနာထောက်ထားရေး၊ မတူကွဲပြားမှုများအပေါ် ခွဲခြား ဆက်ဆံမှု မပြုရေး၊ မတူကွဲပြားမှုများအား နားလည်မှုရှိရေးတို့ အားထုတ်နေကြရသည်။
သို့ရာတွင် လူတို့သည် အတ္တဟိတတစ်မျိုးမျိုး၏ လှုံ့ဆော်မှုကြောင့် အကြောင်းဆုံတိုင်း၊ အခွင့်သာ တိုင်း လှုပ်ရှားရုန်းကန်မှုများတွင် ပါဝင်ကြိုးပမ်းလေ့ရှိသည်။ ဘဝတူချင်း၊ ဆန္ဒတူချင်းပေါင်းစည်း ကာ လှုပ်ရှားကြသည်။ အာဏာစက်ကို တုံ့ပြန်ချိုးဖျက်ကြသည်။ လူအများက အနည်းကို ချိုးဖျက်သည်။ အင်အားများမှုကို အခွင့်အရေးယူကာ လူအများကပင် မီးများမီးနိုင်၊ ရေများရေနိုင် လွှမ်းမိုးသကဲ့သို့ ပြုလုပ်လာကြသည်။ ထိုအခါတွင် လူ့အဖွဲ့အစည်းသည် အကွပ်မရှိ ပရမ်းပတာ ဖြစ်လာသည့်အခါ ထိန်းချုပ်ရန် အာဏာအသစ်သည် တစ်ဖန်ပြန်ပေါ်လာရသည်။ ဤသို့ဖြင့် လူ့ဘဝ သမိုင်းသည် သံသရာလည်နေတော့သည်။ မတူကွဲပြားသော လူ့ဘောင်အဖွဲ့အစည်းကို သဟဇာတ ဖြစ်အောင်၊ သင့်တင့်လျောက်ပတ်မှုဖြစ်အောင်၊ လူတန်းစားအားလုံးကြားတွင် အတ္တ-ပရမျှတအောင် မတည်ဆောက်နိုင်သောကြောင့် ချုပ်ငြိမ်းလိုက်၊ ပြန်စလိုက်ဖြစ်နေရသည်။
ဤသို့ဖြင့် လူ့ဘောင်သမိုင်းသည် အစဉ်အလာအားဖြင့်လည်းကောင်း၊ သင်္ခါရသဘောအရ လည်းကောင်း ဖြစ်ပျက်ပြောင်းလဲလျက်ရှိသည်။ အမှန်အားဖြင့် သဘာဝကျနစွာ အခြေခိုင်မာစွာ ဖြစ်ထွန်းရမည့် လူ့ဘောင်ဖွဲ့စည်းမှု၌ လူတို့သာအဓိကဖြစ်သည်။ သို့သော် လူပဓာနဖြင့် အလွန် အကျွံပြုခြင်း “တင်းလွန်းခြင်း” နှင့် လူတို့၏ လွတ်လပ်မှုနယ်ကျွံခြင်း တည်းဟူသော “လျော့လွန်း ခြင်း” အစွန်းနှစ်ပါး ကင်းလွတ်မှသာ အေးချမ်းသာယာသော လူ့ဘောင်လောကကို အရှည်ကြာစွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လူ့ဘောင်လောကအတွင်း ဖြစ်ပေါ်နေသော အကြောင်းတရားများအပေါ်တွင် မဇ္ဈိမပဋိပဒါနည်းကို မကျင့်သုံးနိုင်သရွေ့ ကာလပတ်လုံး လူ့ဘောင်လောကတွင် မှားယွင်းသော အဖြစ်အပျက်များ၊ မလိုလားအပ်သော အနိဋ္ဌာရုံများကို မျက်မှောက်ပြုနေကြရဦးမည်ဖြစ်သည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းတွင် အတ္တဟိတနှင့် ပရဟိတနှစ်ရပ်ကို သမအောင် ပေါင်းစပ်၍ ထိန်းကျောင်း ပေးရမည်ဖြစ်သည်။ အဖြစ်အပျက်များကို ယထာဘူတကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ ပကတိရှိရင်းစွဲ အတိုင်း လေ့လာသုံးသပ်လုပ်ကိုင် ကြဖို့လိုမည်ဖြစ်သည်။
သို့ဖြစ်ရာ လူ့ဘောင်အဖွဲ့ အစည်းကို တည်ဆောက်ရာ၌ဖြစ်စေ၊ ပျိုးထောင်ရာ၌ဖြစ်စေ၊ ထိန်းကျောင်းရာ၌ဖြစ်စေ၊ ပြုပြင်ပြောင်းလဲရာ၌ဖြစ်စေ အားလုံးအနေဖြင့် မလျော့မတင်းသော မဇ္ဈိမပဋိပဒါ ကျင့်စဉ်သည်သာလျှင် လူ့ဘောင်လောကအတွက် အသင့်လျော်ဆုံး၊ အကောင်းဆုံးဖြစ်ပါကြောင်း။