Skip to main content

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ဆက်သွယ်မည့် (ကမ်းခြေပတ်လမ်း) ဖောက်လုပ်နေမှု အခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ ကြည့်ရှုစစ်ဆေး

ငွေဆောင်   ဇန်နဝါရီ   ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ငွေဆောင်မြို့ ဆင်မကျေးရွာရှိ ငရုတ်ကောင်း - ငွေဆောင်-ချောင်းသာ-လမ်းပိုင်းရှိ ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်း ဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်မည့် (ကမ်းခြေပတ်လမ်း)ဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဦးရန်နိုင်ဇော် ညွှန်ကြားရေးမှူး(မြို့ပြ)က ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်မည့် ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်(ကမ်းခြေပတ်လမ်း) ဖောက်လုပ်နေမှု၊ ကမ်းခြေပတ်လမ်းနှင့် ပတ်သတ်သည့် အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် ကမ်းခြေအရှည်မိုင် (၂၉၀)ကျော်ခန့်နှင့်ချောင်းသာ-ငွေဆောင်ကဲ့သို့ နာမည်ကျော်ကမ်းခြေ အပန်းဖြေနေရာများကို ပိုင်ဆိုင်လျက်ရှိပြီး အချို့ကမ်းခြေများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် ခရီးသွားပြည်သူများ ရောက်ရှိမှုနည်းပါး လျက်ရှိပြီး မိမိအစိုးရသစ်သက်တမ်းတွင် ဖောက်လုပ်လျက်ရှိသည့် (ကမ်းခြေပတ်လမ်း (Coastal Road)ပြီးစီးပါက ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်သို့ သွားလာရေး အဆင်ပြေချောမွေ့ လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန အနေဖြင့် လမ်းဖွံ့ဖြိုးရေးကဏ္ဍအား ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်းပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလမ်း အားလည်း ဘဏ္ဍာနှစ်အလိုက် အကောင် အထည် ဖော်ဆောင်ရွက်ပြီး ရေရှည်ထိန်းသိမ်းသွားရန် လိုအပ်ပါ ကြောင်းကို လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါကမ်း​ခြေ ပတ်လမ်းသည် ဧရာဝတီတိုင်းဒေသကြီး ၊ ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိ( ၉၆မိုင် ၅ ဒဿမ ၅ ဖာလုံ) ရှည်သော လမ်းဖြစ်ပြီးဧရာဝတီတိုင်း ဒေသကြီးဘက်အပိုင်းတွင် လမ်းအရှည် (၈၆ မိုင် ၂ ဒဿမ ၅ ဖာလုံ)ခန့် ရှည်ကြောင်းသိရသည်။ အဆိုပါလမ်းအား ဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများအတွက်  အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည် ဖြစ်ပြီးလူမှုစီးပွား ဘဝဖွံဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)