ပဲခူး ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်(၉)နာရီအချိန် က ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ဇန်နဝါရီလ(၂၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစတင်ကာ ထိုးနှံပေးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၇၇၄၇)ဦးအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပထမအကြိမ် ကနဦးထိုးနှံပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း သတ်မှတ်ထားသည့် ဦးစားပေး အစီအစဉ်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ပဲခူးမြို့တွင် ကာကွယ်ဆေး စုရပ်များအနေဖြင့် အထွေထွေရောဂါ ကုဆေးရုံကြီး၊ ဆေးရုံဝန်း အတွင်းရှိ သံဃာဆေးကုသ ဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနနှင့် ဥဿာမြို့သစ်ရှိ ဒေသန္တရ ကျန်းမာရေး ဌာနတို့တွင် ထားရှိကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဟိန်းထက်(ပဲခူး)