နေပြည်တော် ဇန်နဝါရီ ၂၈
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရုံးအမှတ် (၄၄) ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံဆေးပေးခန်းနှင့် တည်ဆောက်သွားမည့် အဆောက် အအုံများအတွက် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၄၄)ရှိ အစည်းအဝေး ခန်းမ(၁)သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ရုံးအမှတ်(၄၄) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ရုံးချုပ်အနီးတွင် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း (SEAOP/ SEAGP) ၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု Corporate Social Responsibility (CSR) အစီအစဉ်ဖြင့် တည်ဆောက် ပြီးစီးသည့် မြန်မာ့ရေနံ ဆေးပေးခန်းနှင့် ဆက်လက်တည်ဆောက်မည့် အဆောက်အအုံများ ဖြစ်သော မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံနှင့် သင်တန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ မြန်မာ့ရေနံ စာကြည့်တိုက်နှင့် ပြခန်းတို့နှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဆေးပေးခန်းအတွက်လိုအပ်သော ဆရာဝန် ခန့်ထားရေးကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရေး၊ သင်တန်းကျောင်း တည်ဆောက်ရာတွင် သင်တန်းသားထားရှိမည့် အဆောင်များကို စနစ်တကျ သီးသန့်ထည့်သွင်း တည်ဆောက်သွားရေး၊ နောက်ဘဏ္ဍာနှစ်များတွင် ဧည့်ရိပ်သာ လျာထားတည်ဆောက်ရေး၊ CSR အစီအစဉ်ဖြင့် လူနာတင်ယာဉ်များ ဝယ်ယူဖြည့်ဆည်းသွားရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းသာယာ စိုပြည်လှပရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ်(၄၄) ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ ရေနံဆေးပေးခန်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံ၊ သင်တန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ မြန်မာ့ရေနံ စာကြည့်တိုက်နှင့် ပြခန်းတည်ဆောက်မည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်