Skip to main content

KB Kookmin Bank ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့်၊ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဖွင့်လှစ်သည့် (KB Kookmin Bank) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte Hotel ၌ ကျင်းပသည်။

ရှေးဦးစွာ(KB Kookmin Bank) ကို ဘဏ်ဥက္ကဋ္ဌ မစ္စတာဟော့အင်းနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ ဘဏ်ဥက္ကဋ္ဌ မစ္စတာဟော့အင်းက Zoom ဖြင့် မိတ်ဆက်စကား ပြောကြားပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါဘဏ် ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကိုရီယားနိုင်ငံနှင့် ဆက်စပ်လုပ်ငန်းများ၊ ကိုရီယား-မြန်မာချစ်ကြည်ရေး တံတား၊ ပရော့ဂျက်များတို့တွင် ပိုမိုအကျိုး ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီယားသံအမတ်ကြီး Mr. Lee Sang Hwa က ( KB Kookmin Bank) ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကိုရီယားနိုင်ငံ လုံးဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က မြန်မာနိုင်ငံသို့ အဆိုပါ ဘဏ် လာရောက် ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း Zoom ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် အဆိုပါဘဏ် ဖွင့်လှစ်ထားသည့် အခြေအနေ၊ တည်နေရာ၊ အကျယ်အဝန်းနှင့် လုပ်ကိုင်ဆောင်ရွက် ကြ မည့် ဘဏ်ဝန်ထမ်းများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များ အကြောင်းတို့ကို ဗီဒီယို ဖြင့် တင်ဆက်ပြသခဲ့သည်။

ထိုသို့ ဘဏ်ဖွင့်လှစ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)