နေပြည်တော်၊ ဇန်နဝါရီ ၂၇
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိ သူများက ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ထားမှု၊ အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ ဖွဲ့စည်းရေးအတွက် အဖွဲ့က ကောင်စီဝင် ရွေးကောက်တင်မြှောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ ကောင်စီဝင် ရွေးကောက်တင်မြှောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်များသို့ အမည်စာရင်းတောင်းခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကောင်စီဝင်ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များ၊ ကောင်စီဝင်များတွင်ရှိရမည့် အရည်အချင်း၊ အတွေ့အကြုံနှင့် နယ်ပယ်များ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ Spectrum Allocation လုပ်ငန်းစဉ်များ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းအချိန်ဇယား များနှင့်အတူ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က ပြဋ္ဌာန်း ထားရှိပြီးဖြစ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းစဉ် အချိန်ဇယား လျာထားသတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ အနေဖြင့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊ လိုင်စင်လျှောက်ထားသူများ စိစစ်ခွင့်ပြုခြင်း၊ သက်တမ်း တိုးခြင်း၊ ဆိုင်းငံ့ခြင်း၊ လိုင်စင်သိမ်းယူခြင်း၊ ကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းခြင်း၊ စီမံခန့်ခွဲမှုဖြင့် အရေးယူခြင်း၊ အသုံးစရိတ်များ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ လှိုင်းနှုန်းစဉ်လျာထားခြင်း စသည့်လုပ်ငန်းများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်