မုံရွာ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံကျောင်းရှိ အမျိုးသား/ အမျိုးသမီးဆောင်တို့တွင် Positive လူနာထားရှိရန် စစ်ကိုင်းတိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နန္ဒဝန် အိမ်ရာစခန်းရှိ Quarantine Center ၊ စီးပွားရေးတက္ကသိုလ် Quarantine Center ၊ ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာမျိုးစုံတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေတို့အား ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် မုံရွာမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှုအခြေအနေနှင့် မုံရွာ တောင်ရပ်ကွက်ရှိ မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ်ရှိ တံတားအဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းကဏ္ဍများအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)