နေပြည်တော် ဇန်နဝါရီ ၂၁
စာအုပ်ထုတ်ဝေသူများ၊ စာအုပ်စာစောင်ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ်များ၊ စာရေးဆရာများကြားတွင် ပေါင်းကူးတံတား အသွင် ထွက်ပေါ်လာမည့် 7Book Zay Online Bookstore ၏ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရုပ်သံဖိုင်ကို ပြသ
ရှေးဦးစွာ စာရေးဆရာကြီးများဖြစ်ကြသည့် ဆရာချစ်ဦးညို၊ ဆရာမောင်သာချို၊ ဆရာမပုညခင်နှင့် ဆရာမစပယ်ဖြူနု တို့၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။
အပျော်ဖတ်စာပေများ ထွန်းကား
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် မိမိတို့သည် စာအုပ်ရှားပါးသည့် ခေတ်ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရပါကြောင်း၊ စာဖတ်သူတို့၏ ဝင်ငွေနှင့် စာအုပ်ဈေးနှုန်း ကွာဟသည့် အတွက် ဝယ်ယူဖတ်ရှုနိုင်သူ နည်းပါးလာပြီး အငှားဆိုင်များကို အားကိုးပြုခဲ့ရကြောင်း၊ အငှားဆိုင်များသည် စာဖတ်လိုသူတို့၏ အာသီသကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အငှားဆိုင်ငယ်များ ဖွင့်လှစ်သူတို့အတွက်လည်း စားဝတ်နေရေး အထောက်အကူပြုခဲ့ကြောင်း၊ သို့သော် အငှားဆိုင်ခေတ် စာအုပ်စီးပွားရေး သဘောအရ အပျော်ဖတ်စာပေများ ထွန်းကားရှင်သန်ပြီး လေးနက်သောစာကောင်းပေမွန်များ ပေါ်ထွက်ရန် ခက်ခဲခဲ့ကြောင်း၊ စာအုပ်စာပေဖွံ့ဖြိုးတိုးတက် ရေးအတွက် စာဖတ်သူတို့၌ ဝင်ငွေသင့်တင့်ကောင်းမွန်ပြီး စာအုပ်ဝယ်ယူ ဖတ်ရှုအား တိုးတက်ဖို့လိုသလို စာအုပ်စာတမ်း ပြည့်စုံသော စာအုပ်ဆိုင်ကြီးများလည်း ရှိနေရန်လိုကြောင်း။
အလွယ်တကူရှာဖွေ၍ရနိုင်
ယနေ့ခေတ်တွင် စာအုပ်စာပေများပေါများလာပြီး ယခင်ကထက် ဝယ်ယူဖတ်ရှုနိုင်သည့် အခြေအနေမျိုးလည်း ရှိလာနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာစာပေများကို ဝယ်ယူရာ၌လည်း များစွာ အခက်အခဲမရှိတော့ကြောင်း၊ အင်တာနက်တွင် စာအုပ်စာတမ်းများကို အလွယ်တကူရှာဖွေ၍ရနိုင်ကြောင်း၊ သို့သော် အင်တာနက်ပေါ်က စာအုပ်စာတမ်းများကို ဝယ်ယူရာ၌ များစွာအဆင်မပြေသေးကြောင်း၊ ထို့ပြင် စာအုပ်ဝယ်သူအနေဖြင့် မဝယ်မီ စာအုပ်ကို ကိုယ်တိုင် ကိုင်တွယ်လှန်လှော မြည်းစမ်းကြည့်ပြီးမှ ဝယ်ယူလိုတတ်ကြကြောင်း။
ထို့ကြောင့် 7Book Zay Online Bookstore ဖွင့်လှစ်သည့်အခါ အွန်လိုင်းတစ်မျိုးတည်းမဟုတ်ဘဲ physical book များပါ ခင်းကျင်းရောင်းချသည့် စာအုပ်ဆိုင်ကြီးမျိုးနှင့် တွဲဖက်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများမှာကဲ့သို့ ပြည့်စုံသော နိုင်ငံတကာစာအုပ်အရောင်းဆိုင်ကြီးမျိုး ရှိစေလိုကြောင်း။
အိမ်တိုင်ရာရောက်ပေးပို့နိုင်
7Book Zay Online Bookstore ဆောင်ရွက်ခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခု သာမက စာပေလောကအတွက်၊ ပြည်သူများအတွက် ပိုမိုပြည့်စုံအောင် ဖန်တီးဆောင်ရွက်သည့် အလုပ်တစ်ခုဟု ထင်မြင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေးသူကအရင်းခံအဖြစ် စတင်ရမည်ဖြစ်ပါကြောင်း၊ စာရေးသူများ ပိုမို ပြောင်မြောက်သည့် စာကောင်းပေမွန်များ ဖန်တီးနိုင်ရန် အခွင့်အလမ်းများရှိရမည်ဖြစ်ပြီး ထိုစာပေများကို ထုတ်ဝေပေးမည့် ထုတ်ဝေသူများလည်း ရှိရမည်ဖြစ်ပါကြောင်း၊ ထုတ်ဝေသူများကထုတ်ဝေပြီး စာပေများကို ဖြန့်ချိရန် ခက်ခဲမှုများကိုလည်း တွေ့ကြုံ ခဲ့ရပါကြောင်း၊ ထိုကြောင့် ဖြန့်ချိရောင်းချသူများသည်လည်း အရေးကြီးပါကြောင်း၊ ဆိုလို ချင်သည်မှာ စာပေလောကအတွက် စာရေးသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများသည် အရေးကြီးပါကြောင်း၊ ယခု အွန်လိုင်းစနစ်ဖြင့် စာအုပ်များရောင်းချရာတွင် အပြောင်းအလဲရှိပြီး ပေးပို့ပေးရသည့် စနစ်ပြောင်းလဲလာကာ အိမ်တိုင်ရာရောက်ပေးပို့နိုင်ပြီ ဖြစ်ပါကြောင်း။
ထို့အတူ စာပေဝေဖန်ရေးသမားများသည် စာပေတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ စာအုပ်စာပေနှင့် ပတ်သက်၍ မည်သည့်စာအုပ်ကကောင်းသည်၊ မည်သို့ဖြစ်သည်ကို ညွှန်းဆိုသည့်၊ နှိုင်းယှဉ်သုံးသပ်ပြသည့် စာပေဝေဖန်ရေးသည်လည်း လိုအပ်ပါကြောင်း၊ အွန်လိုင်းစာအုပ်ရောင်းချရာတွင်လည်း ကျွမ်းကျင်သူတို့၏ ဝေဖန်သုံးသပ် ချက်များ၊ အညွှန်းများနှင့် ရောင်းချမှုများလည်းရှိပါကြောင်း၊ စာပေဝေဖန်သုံးသပ်ချက်များ စုစည်းဖော်ပြပေးခြင်း သည် စာအုပ်ရောင်းချမှုအတွက် အထောက်အကူပြုသည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း။
အစပျိုးနေသည့် အဆင့်သာရှိ
အလားတူ စာပေချစ်သူများအတွက် Book Club များ ဆောင်ရွက်နေသည်များရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Book Club များ ဆောင်ရွက်နေသည်လည်း ရှိပါကြောင်း၊ သို့သော် အစပျိုးနေသည့် အဆင့်သာရှိပါသေးကြောင်း၊ ထို့အတွက် စာပေပညာရှင်များနှင့် စာအုပ်လုပ်ငန်းများက ဦးဆောင်လုပ်ကိုင်ပါက ထွန်းကားလာနိုင်မည်ဟု ထင်မြင်ပါကြောင်း၊ နိုင်ငံတကာတွင် Book Club များမှ စာအုပ်များ ပိုမိုရောင်းရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ Book Club နှင့် ပတ်သက်သည့် စာပေယဉ်ကျေးမှုထွန်းကားလာရန် လိုအပ်ပါကြောင်း။
မိမိတို့ နိုင်ငံတွင် ထွန်းကားနေသည့် စာပေဟောပြောပွဲအလေ့အထသည် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကျုံ့သွားသော်လည်း အွန်လိုင်းမှတစ်ဆင့် မည်သို့ ဆောင်ရွက်နိုင်မည်၊ ထို့အတူ စာအုပ်စာပေနှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများကိုလည်း မည်သို့ ဆောင်ရွက်နိုင်မည်ကို စဉ်းစားစီစဉ်ဆောင်ရွက်စေလိုပါကြောင်း၊ စာအုပ်ပြသ ရောင်းချသည့် စာအုပ်ပွဲတော်များကို ကျင်းပနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါအကြောင်းအရာ များသည် စာပေလောကအတွက် လိုအပ်သည့်အကြောင်း အချက်များဟု မိမိအနေဖြင့်ထင်မြင်ပြီး ထိုအရာများအတွက် စာပေလုပ်ငန်းလုပ်ကိုင်သူများ စုစည်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
မီဒီယာနှင့် နည်းပညာပေါင်းစပ်
ယင်းနောက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နည်းပညာအသုံးပြုမှုနှင့်အတူ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ စာအုပ်စာပေရောင်းချ ရာတွင် အွန်လိုင်းမှရောင်းချလာကြပြီး နိုင်ငံအတွင်းမှ စာအုပ်တိုက်များမှထွက်ရှိလာသည့် စာအုပ်များကို ယုံကြည်စိတ်ချစွာ ရောင်းချနိုင်သည့် e-commerce platform များ ပေါ်ပေါက်လာစေလိုပါကြောင်း၊ ထို့အတွက် နည်းပညာကျွမ်းကျင်သူများနှင့် မိမိတို့အသင်း တိုင်ပင်ဆွေးနွေးကြပါကြောင်း၊ စာပေဖန်တီးမှုများကို စာဖတ်ပရိသတ် အကြား ပိုမိုမြန်ဆန်နိုင်သည့် ဆက်သွယ်မှုကိုဖန်တီးကြရန် ဆွေးနွေးကြပါကြောင်း၊ သို့သော် နည်းပညာကုမ္ပဏီ တိုင်းသည် စာပေနှင့်ပတ်သက်၍ ဖြစ်ချင်သည့်ဆန္ဒတိုင်းကို လုပ်ဆောင်ပေးနိုင်ရန် အခက်အခဲရှိပါကြောင်း၊ ယခု 7 day သည် မီဒီယာလုပ်ငန်းကိုလည်း ကျွမ်းကျင်သလို နည်းပညာကိုလည်း ကျွမ်းကျင်သူများဖြစ်သည့်အတွက် မီဒီယာနှင့် နည်းပညာပေါင်းစပ်ကာ မိမိတို့အသင်းမှ အကြုံပြုချက်များကို ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထုတ်ဝေသူများကိုယ်စား၊ ဖြန့်ချိသူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ပါဝင်လုပ်ကိုင်ခွင့်ပြု
ဆက်လက်၍ Information Matrix Co., Ltd အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းက ကိုဗစ်ကပ်ရောဂါသည် အပြောင်းအလဲတစ်ခုကို တွန်းပို့လိုက်ပြီး မိမိတို့ကုမ္ပဏီအနေဖြင့် ကိုဗစ်ကာလတွင် လုပ်ငန်းသစ်အဖြစ် စတင်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သည် မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်ပြီး စာပေလောကနှင့် အလှမ်းမဝေး သည့်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း၊ စာပေနှင့် နည်းပညာပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်များကို အွန်လိုင်းမှ ရောင်းချသွားမည် ဖြစ်သလို e-book နှင့် audio book များကိုလည်း ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့် မီဒီယာ ကုမ္ပဏီဖြစ်သော်လည်း စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်လုပ်ကိုင်ခွင့်ပြုသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းနှင့် အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်း တို့က 7Book Zay Online Bookstore အား Virtual Ribbon Cutting ဖြင့် ဖွင့်လှစ်ကာ 7Book Zay နှင့် Book Fair အကြောင်း ရုပ်သံဖြင့် ရှင်းလင်းတင်ဆက်သည်။
ယင်းနောက် "New Normal Life နှင့် စာအုပ်ထုတ်ဝေရေးလောကအပြောင်းအလဲ များ" ခေါင်းစဉ်ဖြင့် စကားဝိုင်း(၁) ကျင်းပရာ ကိုအောင်စည်သာ (စိတ်ကူးချိုချိုစာအုပ်တိုက်) က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ၊ ဆရာမများဖြစ်ကြသည့် မိုးရှင်း(I.M.T)၊ ဒေါက်တာ စိမ့်စမ်းဖြူ၊ ခင်နှင်းကြည်သာနှင့် သျှားသုတို့က ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် ဦးမြင့်ထွန်း(ဆုပြည့်စုံထွန်းစာအုပ်တိုက်)၊ ဆရာကောင်းသန့်(ကောင်းသန့်စာအုပ်တိုက်)၊ ဦးသိန်းလွင် (လင်းလွန်းခင် စာအုပ်တိုက်)၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီ စာအုပ်တိုက်)၊ ဦးနေမျိုးညွှန့်(စာပေလောကစာအုပ်တိုက်)တို့ ပြောကြားသည့် စာအုပ်တိုက်များ၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။
ပါဝင်ဆွေးနွေး
ယင်းနောက် "စာဖတ်ခြင်းနှင့် အွန်လိုင်းစာအုပ်စင်" ခေါင်းစဉ်ဖြင့် စကားဝိုင်း (၂) ကို ကျင်းပရာ စာရေးဆရာ ဒေါက်တာဖြိုးသီဟက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ၊ ဆရာမများဖြစ်ကြသည့် လင်္ကာရည်ကျော် (ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ရဲမြင့်ကျော်)၊ မထက်ရည်(Brand You)၊ ဦးမောင်မောင်စိုး (Save the Library စာကြည့်တိုက်များ ကွန်ရက်တည်ထောင်သူ)၊ ကိုကျော်ထက်အောင် (ရုပ်ရှင်သရုပ်ဆောင်၊ အစီအစဉ်တင်ဆက်သူ၊ နည်းပြ) တို့က ပါဝင်ဆွေးနွေးကြသည်။
သတင်းစဉ်