မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို မြဲမြံခိုင်ကျည် ခိုင်မာအားကောင်းလာအောင် ပြည်သူများအား ကိုယ်စားပြု၍ ငါးနှစ်လျှင် တစ်ကြိမ် တည်ဆောက်နေသည်။ နိုင်ငံတော်၏မဏ္ဍိုင်များမှာ ငါးနှစ်လျှင်တစ်ကြိမ် အသစ်တစ်ဖန် မွမ်းမံ ရှင်သန် နေသည်။ ဒီမိုကရေစီ အသီးအပွင့်များ ငါးနှစ်လျှင်တစ်ကြိမ် အချိန်မှန်သီးပွင့် ဝေဆာနေသည်။ ပြည်သူများ ချောမွေ့လွယ်ကူစွာ ဆွတ်ချူခံစား နိုင်ကြစေရန် ဒီမိုကရေစီလုပ်ငန်းစဉ်များကို သတ်မှတ်ထားသော အချိန် အတိုင်း စနစ်တကျ အကောင်အထည်ဖော်နေသည်။
ဒီမိုကရေစီ တတိယသက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပပြီးစီး ခဲ့ပြီဖြစ်သည်။ တတိယအကြိမ် လွှတ်တော်သက်တမ်း စတင်ရန်အတွက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ဒုတိယ အကြိမ် သက်တမ်း ကုန်ဆုံးသည်နှင့် တတိယအကြိမ်သက်တမ်း စတင်နိုင်ရန် လွှတ်တော်လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင် ရွက်ကြရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်း အဝေးများ စတင်ရန် စီစဉ်ထားပြီးဖြစ်သည်။
လွှတ်တော်သစ်များပေါ်ပေါက်လာသည်နှင့် နိုင်ငံတော်၏မဏ္ဍိုင်သစ်များ တစ်ဆက်တစ်စပ်တည်း ပေါ်ပေါက် လာမည်ဖြစ်သည်။ အချိန်အခါကိုက် ဆောင်ရွက်ရသော ဒီမိုကရေစီလုပ်ငန်းစဉ်များသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်သည်။ ဒီမိုကရေစီသက်တမ်းတစ်ခုအတွက် ကနဦး အစလုပ်ငန်း စဉ်များအား စနစ်တကျအကောင်အထည်ဖော်နေခြင်းသည် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ လည်းကောင်း၊ ပြည်ထောင်စု ကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးကို ဦးတည်၍လည်းကောင်း ဖော်ဆောင်နေခြင်းဖြစ်သည်။
ဒီမိုကရေစီအသီးအပွင့်များ သက်တမ်းကာလအလိုက် မှန်မှန်ကန်ကန် ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ လွှတ်တော်လုပ်ငန်း စဉ်များ၊ အစိုးရဖွဲ့စည်းရေး လုပ်ငန်းစဉ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းထားချက်များနှင့်သွေဖည်သွားခြင်းမရှိပေ။ယခုတတိယအကြိမ် သက်တမ်း အတွက် ဆောင်ရွက် မှုများသည် ဒုတိယအကြိမ် သက်တမ်းကာလ ဆောင်ရွက်သည့်ပုံသဏ္ဌာန်နှင့်မတူပေ။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားဆဲ ကာလဖြစ်၍ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် အချိန်ကိုက် ဆောင်ရွက်ကြရသည်။
ယခုအခါ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလသည် ရက်ပိုင်း မျှသာကျန်တော့ပြီး တတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက်လည်း စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ကူးစက်ရောဂါဖြစ်ပွားနေစဉ် အသွင် ကူးပြောင်း ရေးလုပ်ငန်းစဉ်များကို အချိန်အခါအခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့်အညီ ဆောင်ရွက် ရမည်သာ ဖြစ်သည်။ အချိန်အခါအလိုက် ဆောင်ရွက် ရသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှ ပေါ်ထွက်လာသည့် နိုင်ငံတော်၏မဏ္ဍိုင် အဆက်ဆက် တို့သည်တစ်ဆက်ထက်တစ်ဆက်ပိုမိုကောင်းမွန်သောအနာဂတ် ကိုတည်ဆောက်နိုင်ရန် ကြိုးပမ်း အားထုတ်ကြ ရသည်။ ပိုမိုကောင်းမွန်သော အမွေချန်ခဲ့နိုင်ရန် ကြိုးပမ်းအားထုတ်နေကြသည်။
နိုင်ငံတော်၏အနာဂတ်အတွက်ပေါ်ထွန်းလာမည့်နိုင်ငံရေးအခင်းအကျင်း အသစ်ကို သိမ်မွေ့ညင်သာစွာဖြင့် စနစ်တကျအသွင်ကူးပြောင်းကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ထွန်းသစ်စနိုင်ငံဖြစ်၍ ဒီမိုကရေစီပုံရိပ်ကို သစ်လွင် သည်ထက်သစ်လွင်အောင်၊ တောက်ပြောင်သည်ထက်တောက်ပြောင်အောင် ဖန်တီးကြရမည် ဖြစ်သည်။ ဒီမိုကရေစီပုံရိပ်ညစ်နွမ်းစေမှုများကို ရှောင်ရှား ကြရမည် ဖြစ်သည်။ အနာဂတ်နိုင်ငံတော်သစ်တွင် စိန်ခေါ်မှုများ၊ ဆောင်ရွက် ဖွယ်ရာများ အမြောက်အမြားရှိသည်။ နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏ အကျိုးကို ကြည်ဖြူစွာ ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုအသစ်များဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းလာရေးကို ပြည်သူများ မျှော်လင့် နေကြသည်။ မကြာမီတွင် နှစ်သစ်နှင့်အတူ ဒီမိုကရေစီ အခင်း အကျင်းအသစ်များ စတင်တော့မည်။ ပြည်သူများ စားဝတ်နေမှုပြည့်စုံဖူလုံရေး၊ ရောဂါဘေးဘယာ ကင်းဝေးရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အသစ်အသစ် ပေါ်ထွန်းအောင် နိုင်ငံ့မဏ္ဍိုင်ကြီးများက ဦးဆောင်အကောင်အထည်ဖော်ကြတော့မည် ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုခရီးလမ်းကို ချောမွေ့ ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန်အတွက် ပြည်သူများ၏ဆန္ဒနှင့်အညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ၊ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ပြီး အနာဂတ်နိုင်ငံတော်ကို ဝိုင်းဝန်းလက်တွဲ ကူညီကြိုးပမ်း တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။