Skip to main content

တိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့

 

မြိတ်   ဇန်နဝါရီ   ၁၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ  တာဝန် ရှိသူများနှင့်အတူ မြိတ်မြို့  မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်တွင် ဇန်နဝါရီလ(၁၄)ရက် နံနက်(၁၁)နာရီခန့်၌ နေအိမ်(၁၂)လုံး မီးလောင် ကျွမ်းခဲ့မှုကြောင့် မီးဘေးသင့်ခဲ့ရသည့် ပြည်သူများအား ညနေပိုင်း တွင် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး  ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များအား သွားရောက်ကြည့်ရှုခဲ့ကြပြီး မီးဘေးသင့်ပြည်သူ များအား ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် တွင် သွားရောက်တွေ့ဆုံခဲ့ရာ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဩဝါဒစကားနာယူခဲ့ကြ၍ ဝန်ကြီးချုပ်မှ ဆရာတော်အား လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။ ထိုနောက် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ် မှ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။

မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုး၊ ဓနိမိုး၊ ထရံကာ အိမ်တစ်လုံးကို ကျပ်(၁)သိန်းစီ ၊ RC သွပ်မိုး အိမ်တစ်လုံးကို (၂)သိန်းစီ၊ မီးဘေးသင့်ပြည်သူ (၆၁)ဦး အတွက် ဆန်ဖိုး စုစုပေါင်း(၁၂၈၁၀၀)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  မိသားစု သုံးပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်း၊ လက်သမားသုံးပစ္စည်း၊ မီးခိုချောင်သုံးပစ္စည်းနှင့် တာပေါ်လင်(၂) ပိုင်းစီတို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ်  ပြန်/ဆက်  )