Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

တောင်ကြီး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးကို ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်အောင် အစစအရာရာ ပြည့်စုံစွာနှင့် ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြ သည့်အတွက် ရှမ်းပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါကြောင်း၊ ယခုကြုံတွေ့နေရသည့် ကိုဗစ် − ၁၉ ရောဂါ နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအားလုံးသည် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ အမိန့် ညွှန်ကြားချက်များပြည်သူများသို့ ပန်ကြားချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (SOP) နှင့်အညီတိကျစွာ လိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက် ရှမ်းပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၇) ရက်နေ့အထိ ရောဂါပိုး တွေ့ရှိသူ (၁၀၂၆) ဦးရှိခဲ့ပြီး သေဆုံးသူ(၃)ဦးရောဂါပိုးကင်းစင်လာသူ(၈၆၃)ဦး ရှိခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ (၁၆၀)ဦး ကို မြို့နယ်များရှိ ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီနေ့တွေ့ဆုံ ရသည်မှာ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများအပြင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၄၅၄/၂၀၂၀) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၃၆ ပုဒ်မခွဲ (က) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ ရွေးချယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်နိုင်ကြရန် အလေးအနက် မှာကြားလိုသည့်အတွက် ယခုလိုဖိတ်ကြားတွေ့ဆုံရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လယ်မြေကိစ္စရပ်များနှင့် ပတ်သက်၍ လယ်​မြေ၊ ယာမြေအမှုတွဲ ကိစ္စရပ်များကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးမှ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဥပဒေ ကိစ္စရပ်များ ဆောင်ရွက်ပေးရန်၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ အပန်းဖြေဥယျာဉ်များ မှတ်ပုံတင်ရေး၊ ကြိုးဝိုင်းကြိုးပြင် ကိစ္စရပ်များ၊ ရေထွက်ကိစ္စရပ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းမှ (OSS) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ကိစ္စရပ်များနှင့် ထူးခြားဖြစ်စဉ်သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် လိုအပ်သည်များကို အသီးသီးမှာကြားကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများက ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)