ပုသိမ် ဇန်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ပုသိမ် - ရန်ကုန် ကားလမ်းဘေးရှိ ရွှေဝတ်မှုံရပ်တွင် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ်ကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက် အအုံနေရာတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး၊ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာတွင် “မိမိတို့ နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်မှာ ယခုဆိုလျင် ၁၀ နှစ်တာကာလ အတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ရာတွင် ဥပဒေပြုရေးသည် အဓိကမဏ္ဍိုင်ကြီးဖြစ်သလို ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်နှင့်အတူ ဥပဒေပြုရေး အခန်းကဏ္ဍမှ ဥပဒေ/ နည်းဥပဒေ ကောင်းများ ပေါ်ထွက်လာဖို့၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ဖို့ စသည့် ဒီမိုကရေစီ လမ်းစဉ်များနှင့်အညီ ပြည်သူကို ကိုယ်စားပြုသည့် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် လွှတ်တော်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါလာကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်ပြီး လွှတ်တော်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေသားဖို့ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ Transformer နှင့်လျှပ်စစ်မီး လုပ်ငန်းစသည့်လုပ်ငန်း ၃ ခုဆောင်ရွက်ခြင်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော် ကိုယ်စားလှယ် တည်းခိုဆောင်၊ ဝန်ထမ်းအိမ်ယာ ၃ လုံး၊ ရေစက်၊ သံကူကွန် ကရစ်တံတား ၊ရေမြောင်းစသည့် လုပ်ငန်း ၁၃ ခုကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ရုံး၊ ဝန်ထမ်းအိမ်ရာ ၃ လုံး၊ ဂိတ်တံခါး၊ ကားပါကင်စသည့် လုပ်ငန်း ၁၄ ခု၊၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ခန်းမအဝင် တံတား၊ လမ်းမီးတိုင်၊ လမ်း၊ မြေယာရှုခင်း၊ ပရိဘောဂ စသည့် လုပ်ငန်း ၄၅ ခု စုစုပေါင်း လုပ်ငန်း ၇၅ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွှတ်တော်ခန်းမကြီး တည်ဆောက်ရေးတွင် ဘဏ္ဍာရေးနှစ် ၂ နှစ်ခွဲပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်၂ ဒသမ ၈ ဘီလီယံ ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၉ ဘီလီယံဖြင့် စုစုပေါင်း ၅ ဒသမ ၇ ဘီလီယံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရာတွင် ထူးခြားမှုမှာ ဖို့မြေဖြစ်သောကြောင့် ပွိုင့်ပေါင်း ၈၁၁ ချက်တွင် တစ်ပေပတ်လည်ထု ၁၀၀ ပေ အရှည်ရှိ Pipe ချောင်းများဖြင့် Foundation ပိုင်းကိုကြံ့ခိုင်စွာ ထည့်သွင်း တည်ဆောက်ထားသည့် အတွက် ငလျင်ဒဏ် ၅ ဒသမ ၅ ရစ်ချစ်တာစကေးအထိ ခံနိုင်ရည်ရှိကြောင်း၊ လေယာဉ်ကွင်းနှင့်အနီးတွင် တည်ရှိနေသောကြောင့် အသံလုံစနစ်အပါအဝင် System ၁၄ မျိုးထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။
ထို့နောက် လွှတ်တော်ပင်မအဆောက်အအုံသစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င် Dr မျိုးညွန့်၊ ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစန်းထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက လွှတ်တော်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ လွှတ်တော်ရုံး ၀န်ထမ်းအကြီးအမှူးနှင့် ဌာနဆိုင်ရာများက ကဗ္ဗည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာများ ပက်ဖျန်းပေးကြပြီး၊ လွှတ်တော်ပင်မ အဆောက်အအုံ သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဦးမန်ဂျော်နီ၊ ဦးထွန်းလှ၊ ဦးဝေယံထွန်းတို့က "စင်္ကာပူချယ်ရီ" အမှတ်တရ သစ်ပင်စိုက်ပျိုးပေးကြပြီးနောက် လွှတ်တော် ပင်အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံသစ်ဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ၀န်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ တာ၀န်ရှိသူများ၊ အစိုးရ အဖွဲ့၀င်၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။ ယခု ဖွင့်လှစ်လိုက်သော လွှတ်တော်အဆောက်အအုံ၏ မြေနေရာအကျယ်အဝန်းမှာ (၁၂.၆၇) ဧက ကျယ်ဝန်းပြီး၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၅.၇၂) ဘီလီယံအကုန်အကျခံကာ (၂၄-၁-၂၀၁၉) ရက်နေ့က ပန္နက်တင်ကာ တည်ဆောက်ခြင်းဖြစ်သည်။ အဆောက်အဦအကျယ်အဝန်းမှာ (၇၃၄၅၅) စတုရန်းပေရှိကာ Amenity Design Group ၏ ဒီဇိုင်းကို Golden Gate ln'l Develop Co.,Ltd. တို့မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး လွှတ်တော်အဆောက်အဦတွင် ပင်မအဆောက် အအုံကြီးအပြင်၊ ပြည်တွင်း/ပြည်ပ ဧည့်သည်တော်ကြီးများ ခေတ္တနားနေဆောင်၊ ဧည့်သည်တော်များနှင့် လက်ခံတွေ့ဆုံရန် အသံလုံခန်း၊ အစည်းဝေးခန်းမကြီးနှင့် အခန်းငယ်များ၊ လွတ်တော်တွင် ဖွဲ့စည်းထားသောရေးရာ ကော်မတီ ရုံးခန်းများ၊ မသန်စွမ်းသူများ အဆောက်အဦအတွင်း လွယ်ကူစွာသွားလာနှိုင်ရန် Wheel Chair လမ်းများ၊ ဓာတ်လှေခါး၊ ကိုယ်စားလှယ်များ တည်းခိုဆောင်၊ အခမ်းအနားနှင့် ကျွေးမွေးဧည့်ခံပွဲများ ပြုလုပ်နိုင်ရန် ဟောခန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ထူးချွန်ထင်ရှား ကြသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် မှတ်တမ်းများထားရှိမည့် စာကြည့်တိုက်စသော အခန်းအပြင်၊ သတင်းမီဒီယာများ အတွက် အခန်းများကိုပါ ထည့်သွင်းဆောက်လုပ်ထားသည်။
မောင်မောင်မြင့်(ပြန်/ဆက်)