ချင်းပြည်နယ်

ဖလမ်းခရိုင်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန် စာရင်း ထည့်သွင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်လျက်ရှိ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူများအား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁၁ ရက်နေ့မှ၍ စိစစ်လျက်ရှိရာ ယမန်နေ့က ကိုယ်စားလှယ်လောင်း (၇၇)ဦးအား စိစစ်ပြီးဖြစ်ကြောင်းနှင့် စိစစ်ရန် တစ်ဦး ကျန်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှ သိရသည်။

မတူပီမြို့နယ်၌ နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်−၂၀၀၀၀/−နှုန်းဖြင့် နိုင်ငံတော် အစိုးရက ထပ်မံထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ခိုဘွေရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများအတွက် ခိုဘွေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ အများယုံကြည်လက်ခံမှု ၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ဖြစ်စေရေး ဟူသောရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများ On Line အသုံးပြုကာ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆမီးမြို့ မီးသတ်ဦးစီးဌာနမှ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ် ဆမီးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရေယာဉ်ဆိပ်ကမ်း၌ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပြည်သူ့လက်ဝယ်အရောက် ထပ်မံထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်ထောင်စု(၁)စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်က ထပ်မံထောက်ပံ့ ပေးအပ်လျက်ရှိရာ ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဦးရေ စုစုပေါင်း ၂၇၀၂ အိမ်ထောင်စုအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများအထိသွားရောက်၍ အိမ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယမန်နေ့မှစ၍ ကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

မတူပီ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာအချက်များအား ပြည်သူများသိရှိနိုင်ရေးအတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သက်တမ်းလွန် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်ခိုင် (ဆေးဝါးဓာတ်ခွဲ) ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ၊ ဌာနမှထုတ်ပြန် ထားသည့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် လာရောက်အားပေး

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (COVID-19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချလျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းသို့ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်သည် ယနေ့နံနက် ၉ နာရီတွင် သင်တန်းဖွင့်လှစ်လျက်ရှိ သည့် ဟားခါးမြို့စျေးသစ် ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်းသို့ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြည်သူ့စာကြည့် တိုက်ခန်းမ၌ ယနေ့နေ့လယ် (၁)နာရီ အချိန်က ပြသဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် သမဝါယမဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းသင်တန်း (On Job Training)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး၊ ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားရေး ရည်ရွယ်လျက် အခြေခံစာရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ လုပ်ငန်းခွင်မပျက် ပညာပေးသင်တန်း (On Job Training) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ချင်းပြည်နယ် သမဝါယမ အသင်းစုချုပ်ဉက္ကဋ္ဌ ဦးခမ်ကြုံးနှင အဖွဲ့ဝင်များ၊ ပြည်နယ် သမဝါယမ ဦးစီးဌာနရုံးမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။
Subscribe to ချင်းပြည်နယ်