ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား

ဟားခါး    သြဂုတ်      ၁၄

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု ၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ဖြစ်စေရေး ဟူသော ရည်မှန်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများ On Line  အသုံးပြုကာ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစီအစဉ်အရ ဒိန်းမတ်နိုင်ငံ  DIPD(Danish Institute For Parties and Democracy) မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်က တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်း ပြောကြားပြီးနောက် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နောလ်  က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ် ခံကြမည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရှင်းလင်းစွာ သိရှိဆောင်ရွက်နိုင်စေရေးအတွက် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ကြရန် အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးလင်းကျော်က ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲ အကြိုကာလ၊ ကျင်းပနေစဉ်ကာလနှင့် ကျင်းပပြီးကာလ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက် ထားရှိမှု တို့အား လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ တိကျသေချာနိုင်ရေး သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ထို့နောက် On Line အသုံးပြု၍ (Video Conferencing)တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ အသီးသီးတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ဒိန်းမတ်အင်စတီကျူ(DIPD)မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် တို့သည် ၂၀၂၀ပြည့် နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်သည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင် အရေးချယ်ခံကြမည့် နိုင်ငံရေးပါတီ အသီးသီးမှ တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေစုစုပေါင်း ၂၁၀ ဦးရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၃ ဦး ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈ ဦး ရှိကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် (Video Conferencing) အစည်းအဝေးသို့လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်း ၂၂ ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရှိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)