အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည်  ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား  စခန်းသွင်းလေ့ကျင့်သင်ကြားပေး‌နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ကျန်းမာရေးစောင့်ရှောက်မှုများ အထူးဂရုပြု ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် နေရာထိုင်ခင်းချထားမှုကို စနစ်တကျဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်စွာအောင်မြင်‌စေရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်နေ့မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ပခုက္ကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၁၈ ရက်နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နံနက် (၉) နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင်ပြုလုပ်ခဲ့သည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် 33 kV သစ်တောကွန်ပျူတာ-ဂုန်လျော်ဖီဒါ 6.6 kV ဂုန်လျော်-GEM /အုတ်ကျင်းဖီဒါတို့နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို  ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့် မင်ဘူး-အမ်းကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း ၃၉၀၀၀၀ ကျော် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။