မုံရွာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)မှဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအားလည်းကောင်း၊မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများ၏ Finess Dance ကပြဖျော်ဖြေနေမှုများအားလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မုံရွာခရိုင် ပညာရေးမှူးတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက Finess Dance အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား/သူများ၏ ကရာတေး၊ လက်ဝှေ့သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပညာရေးစုံညီပွဲတော်သို့ လာရောက်ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ စားသောက်ဖွယ်ရာများအား ဈေးနှုန်သက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းဝန်းအတွင်းရှိ စာသင်ခန်းများ အတွင်း မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သီးပင်၊ စားပင်၊ အရိပ်ရပင်နှင့်ပန်းအလှပင်ပြခန်း၊ သင်ထောက်ကူပြခန်း၊ သိပ္ပံလက်တွေ့ပြခန်းများနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းပြခန်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ၂၀၂၅-၂၀၂၆ ပညာရေးနှစ်၊ စုံညီပွဲတော်များကျင်းပခဲ့သည့် မှတ်တမ်းဓါတ်ပုံ များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများမှ “ ကြိုဆိုပါသည်စုံညီပွဲတော် “ တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပပြုလုပ်သည့် ပညာရေး စုံညီပွဲတော်တွင် တိုင်းဒေသကြီးအဆင့် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြင့် ပို၍ထူးချွန်သည့် ကျောင်းသား/သူလေးများ ပေါ်ထွက်လာရေးအား များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အပြင် ပညာရေးမဟာဗျူဟာစီမံကိန်း၏ အခြေခံပညာကဏ္ဍမျှော်မှန်းချက် များ အောင်မြင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များသည် အရေးကြီးအခန်း ကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိ၏တပည့်များအား ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလစသည့် ဗလ(၅)တန်နှင့်ပြည့်စုံသည့် လူရည်မွန်လေးများဖြစ်အောင် ကျောင်းသင်ခန်းစာများအား သင်ကြားပေးရင်း လေ့ကျင့်ပျိုးထောင်ပေးသွားကြရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာပြည့်ဝပြီး အေးချမ်းစွာဖြင့်နေထိုင်နိုင်သည့် ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံတော်ကြီးအဖြစ် ဝိုင်းဝန်းတည်ဆောက်ကာ အနာဂတ်တွင် ဆက်လက်တာဝန်ယူကြမည့် ယနေ့ကျောင်းသား/သူများအတွက် ကောင်းမွန်သည့်အမွေအနှစ်များ လက်ဆင့် ကမ်းနိုင်အောင် ဆထက်တိုးကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် စီမံထူးချွန် (တတိယအဆင့်)ဆုရရှိသူ တစ်ဦးနှင့် Clean and Green School ဆုရကျောင်း ၄ ကျောင်းမှ ကျောင်းအုပ်ကြီးများထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက (၇၈)နှစ်မြောက်၊ ပြည်ထောင်စု နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားသူကြီးချုပ်က တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက (၅၄)နှစ်မြောက်၊ နိုင်ငံ တကာ လူငယ်များပေးစာရေးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲ ဗဟိုအဆင့်ဆုရရှိသူနှင့် ပညာသင်နှစ်အတွင်း အထိမ်းအမှတ်ပြိုင်ပွဲများတွင် ၃ နှစ်ဆက်တိုက် ဆုရရှိသူနှင့် National ICT Award ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆု လက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက (၁၄) ကြိမ်မြောက် ASEAN SCHOOL GAME အားကစားပြိုင်ပွဲသို့သွားရောက်ပြီး နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီးမှ ဗဟိုအဆင့် အားကစားပြိုင်ပွဲသို့သွားရောက်ရန် ရွေးချယ်ခြင်းခံရသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တိုင်းဒေသကြီးမှ ဗဟိုအဆင့်အားကစားပြိုင်ပွဲသို့ သွားရောက်ရန် ရွေးချယ်ခြင်းခံရသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်တွင် ခင်းကျင်း ပြသခဲ့သည့် ပြခန်းအကောင်းဆုံးဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆု လက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ ပေးခဲ့ကြသည့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူအဖွဲ့ ၁၄ ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၄ သိန်း (တစ်ဆယ့်လေးသိန်းကျပ်) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)