မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၌ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် Youth Peace Forum-2026 ဩဝါဒခံယူပွဲ အခမ်းအနားတက်ရောက်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဇန်နဝါရီ (၈) ရက်နေ့တွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ ၅၇ လုံးရှိ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ လိုလေသေးမရှိစေရေး ကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့လျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ စိုက်ပျိုး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအပြင် သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။