ထန်းတက်လုပ်ငန်းများ လုပ်ကိုင်သောထန်းတောင်သူများ ထန်းတက်ရန်ထန်းပင်ပြုပြင်ခြင်းများ စတင်ဆောင်ရွက်
Dec 16,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးရွာဒေသများတွင် ထန်းတက်လုပ်ငန်းများ လုပ်ကိုင်သော ထန်းတောင်သူများ ထန်းတက်ရန်အတွက် ထန်းပင်ပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထန်းတက်ရာသီက လာမယ့်ပြာသိုလပြည့်ကျော် လောက်မှာစမှာဆိုပေမယ့် ထန်းမတက်ခင် ထန်းပင်ပြုပြင်ခြင်းလုပ်ငန်းကို တစ်လ၊ တစ်လခွဲခန့်ကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရတာပါ။ ထန်းပင်က ထန်းရည်အထွက်ကောင်းဖို့ အခုလိုနှစ်စဉ်ပြုပြင်ပေးရပါတယ်။ ထန်းပင်က မလိုအပ်တဲ့ ထန်းလက်ထန်းဆံဖတ်တွေကို နင်းဖဲ့ခုတ်ဖြတ်ပေးပြီး ထန်းပင်ကို သန့်ရှင်းရေးလုပ်ပေးတဲ့သဘောလို့ ပြောလို့ရပါတယ်။ အခုတော့ ထန်းဖူးက ထန်းရည်စထွက်နေပြီဆိုပေမယ့် အထွက်နည်းသေးပါတယ်။ ပြာသိုလပြည့်ကျော်လောက်မှ ထန်းရည်ကောင်းကောင်းထွက်မှာဖြစ်ပါတယ်ဟု အုတ်နှဲဘုတ်ကျေးရွာမှ ထန်းတောင်သူ ဦးသန်းကြိုင်က ပြောသည်။