မဟာအောင်မြေ ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ် အဆင့်မြင့်ပညာဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မဟာအောင်မြေမြို့နယ် ဥပဒေရုံး၊ ဥပဒေအရာရှိ ဦးသူရိန်ထက်ခိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေပညာများနှင့် ပတ်သက်၍ နေ့ခင်းဘက် ယာဉ်မောင်းနင်လျှင် အောက်မီးဖွင့်မောင်းသင့်ကြောင်း၊ ဆိုင်ကယ်ဦးထုပ်ဆောင်းလျှင်လည်း မေးသိုင်းကြိုးတပ်ဆင်၍ စီးသင့်ကြောင်း၊ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရသော ဦးထုပ်များကိုသာ ရွေးချယ်သုံးစွဲသင့်ကြောင်း စသည်များ ဟောပြောပို့ချခဲ့ပြီး အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးဦးထွန်းထွန်းအောင်၊ ဒု-ရဲမှူး ဦးတင်ကိုလတ်တို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာများကိုလည်း power Point ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရန်၊ ရှောင်ရန်များကို အသေးစိတ် ဆက်လက်ဟောပြောပို့ချခဲ့သည်။ ၎င်းနောက် ဟောပြောပို့ပေးသော ဥပဒေအရာရှိနှင့် ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးတို့အား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မန္တလေး) မှ ဝန်ထမ်းများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မဟာအောင်မြေမြို့နယ် ဥပဒေရုံး၊ ဥပဒေအရာရှိ ဦးသူရိန်ထက်ခိုင်၊ အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒု-ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ ဌာနမှူး များ၊ မန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သင်ကြားစီမံဌာနပေါင်းစုံ ဝန်ထမ်းများ စုစုပေါင်း (၈၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း