တောင်တွင်းက အမှောင်ခွင်းသမား အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးအောင်သင်း
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ဦးအောင်သင်းအကြောင်း ရေးသားမည်ကြံရွယ် မိစဉ်မှာပင် “ဟေ့ကောင်လေးတွေ ကောင်မလေးတွေ ငါပြောမယ်ကွ...” ဟူသည့် ဆရာကြီးလေသံကို နားထဲဝှေ့ဝှေ့ကြား ယောင်မိသည်။ အင်္ကျီလက်ကို ပင့်ကာပင့်ကာ လက်သီးလက်မောင်းတန်းလျက် မာန်ပါပါဟောပြောတတ် သည့်ဟန်ပန်ကိုလည်း အာရုံထဲမြင်ယောင်လာသည်။ မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဓာတ်ခွန်အားနှင့် နှလုံးသား အာဟာရ ဆေးတိုက်ကျွေးခဲ့သူဆရာကြီးအကြောင်း ရေးသားရသည့်အတွက်လည်းဝမ်းမြောက်ကြည်နူးရပါသည်။
