Skip to main content

စွမ်းအားသတ္တိ

 

တစ်စုံတစ်ရာကို လူသည် တောင့်တသည့်အခါ ဒိဋ္ဌရမည်ကို သိသည်နှင့်တစ်ပြိုင်တည်း စိတ်၏တန်ခိုး ဝေးလ်ပါဝါကင်းပျောက်မြဲဖြစ်လေသည်။ ထိုတန်ခိုး ကိုထုတ်ရခြင်းသည် လိုသောအရာကို မရနိုင်သေးကြောင်း သက်သေဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ကျန်းမာခြင်း၊ ရောဂါပျောက်စေလိုခြင်း မှစ၍ တစ်စုံတစ်ရာကို အလိုရှိသည့်အခါဝေးလ် ပါဝါကိုထုတ်ခြင်း၊ စိတ်ကိုတင်းခြင်း၊ အံကြိတ်ခြင်း သည် ခက်ခဲခြင်း၏ကြီးမားခြင်းကို ဝန်ခံရာရောက်သဖြင့် ရဖို့ခက်လေသည်။

အမှန်ဒိဋ္ဌရမည်ဟု ယုံကြည်ပြီးသောစိတ်၌ ထိုကဲ့သို့အားတင်းရန်မလိုပေ။ အားတင်းမည် လည်းမဟုတ်ပေ။ သို့ဖြစ်သောကြောင့်ဤစိတ်ပညာကျမ်း ၌ ထိုထိုအခြားများစွာသော စိတ်ပညာဆရာများဟောပြောသော ဝေးလ်ပါဝါကိုပစ်ပယ်ခြင်းဖြစ်လေသည်။ ဤတွင် အေမလီကွေး၏နည်းသည် အခြားနည်းများနှင့် ခြားနားလေသည်။

သို့ဖြစ်လေရာ တစ်စုံတစ်ရာကို အလိုရှိ၍ တောင့်တရာ၌ ဤစိတ်အားသတ္တိထုတ်ခြင်းကို လုံးလုံးကြီးကင်းမဲ့စေရမည်။ စိတ်ချလက်ချ ယုံကြည်သောစိတ်နှင့် ထင်မြင်ကာ သောကပူပန် ခြင်းတည်းဟူသော အနှောင့်အယှက်တို့ကိုရှင်းလင်း နိုင်သူသည် လိုရာကိုအမှန်ရနိုင်လေသည်။ ကျန်းမာခြင်းကိုသိလိုလျှင် ကျန်းမာခြင်းရ၏။ ရောဂါပျောက် လိုလျှင် ရောဂါပျောက်၏။ ကြေးငွေဥစ္စာကိုလိုလျှင် လူသတ္တဝါတို့ မီနိုင်သောအရာမှန်က မည်သည့် အရာမဆိုရနိုင်လေသည်။ မယုံမရှိအပ်၊ စိတ်ချပါကုန်။ ဤအရာ၌ လက်တွေ့များခဲ့ လှလေပြီ။

စာရေးသူသည် စည်းစိမ်ဥစ္စာထက် ပညာနှင့် နာမည်ကျော်ကြားခြင်းကို ငယ်စဉ်ကပင် ပိုမို၍ လိုလားခဲ့၏။ ဤစကားသည် အရိုးခံအတိုင်း ဝန်ခံ ခြင်းဖြစ်လေသည်။ သို့သော်လည်း တစ်ခုကိုရလျှင် အခြားဆိုင်ရာ ပတ်သက်ရာတို့သည် ပါဝင်မြဲဖြစ်ရာ ဝင်ငွေကြေးဥစ္စာမှာ နာမည်လောက်မလိုလားသော်လည်း မကင်းသောဆက်သွယ်ခြင်းကြောင့် ဝီရိယ ထုတ်သည်ထက် ပိုမို၍ရ၏။ အမျိုးမျိုးသောအရာတို့ကို တောင့်တထင်မြင်ခြင်းဖြင့် မတွေးမခေါ်မျှော်လင့်ဖွယ်မရှိသောနေရာတို့၌ အခါခါရဖူးလေသည်။

အမှန်ယုံကြည်လျှင် အမှန်ရ၏။ ယုံကြည်ခြင်း စင်ကြယ်သလောက် အကျိုးမှာထင်ရှား နိုင်လေသည်။

ဥပမာ - သင့်မှာ ငွေကြေးအဘယ်၍ အဘယ်မျှကို လိုချင်သည်ဟု တောင့်တကာထင် မြင်ရ၏။ ရလိမ့်မည်ဟူ၍လည်း ယုံကြည်၏။ သို့ပါလျက် မရဘဲနေအံ့၊ အဘယ်အတွက် ကြောင့်ပေနည်းဟု မေးဖွယ်ရှိလေသည်။ဤအရာ၌ ယုံကြည်ခြင်းမှာ အသင်၏စိတ်ကို တစ်နည်းအားဖြင့် လှည့်စားနေသည်ဟု ဆိုရပေမည်။ အကြောင်းမူကား တောင့်တသော အရာအတွက် အသင်၏စိတ်မှာ တစ်နည်းနည်းအားဖြင့် ပူလောင်ခြင်း၊ ကြောင့်ကြခြင်းဖြစ်၍ နေပေလိမ့်မည်။ သို့ပူလောင်ခြင်းသည်ကြောင့်ကြခြင်းရှိသမျှ အသင်၏ယုံကြည်ခြင်းသည် အစစ်အမှန်ဟု မဆိုနိုင်ပေ။ နောက်၌ ဖော်ပြမည်ဖြစ်သောနည်းများအတိုင်း လိုသောအရာ ကိုရဖို့ရန် နံနက်၊ ညဉ့်အချိန် ထား၍ အာရုံပြုသော်လည်း အခြားအချိန်များ၌ ထိုအရာ အတွက် ကြောင့်ကြပူပင်၍နေချေက ထိုကြောင့်ကြပူပင်သောစိတ်သည် အချိန်သတ်မှတ်၍ အာရုံပြုရာ၌ထားရှိသော ယုံကြည်ခြင်းကို ဖျက်ဆီး၍ပစ်နိုင်လေသည်။

ဥပမာ နံနက် ၁၅ မိနစ်၊ ည၌၁၅ မိနစ် တစ်စုံ တစ်ရာကို ဖြစ်မြောက်အောင်မြင်ဖို့ရန် စိတ်ချလက်ချ ယုံကြည်ကိုးစားစူးစိုက်စွာ ဆင်ခြင်ပြီးနောက် အခြားအားလပ် သောအချိန် များမှာ ထိုကိစ္စနှင့်ပတ်သက်၍ရင်ထဲတွင်တလေးလေးနှင့်ကြောင့်ကြ၍ နေချေက နံနက် နှင့်ညဉ်ကြိုးစားသမျှ စိတ်တန်ခိုးများကို ဖျက်ဆီးပစ်ရာသို့ရောက်နိုင်လေသည်။

သို့ဖြစ်လေရာ တစ်စုံတစ်ရာကို ဖြစ်မြောက်လို သည့်အခါ ဖြစ်မှာမဟုတ်ပါဘူး၊ ဖြစ်မှဖြစ်ပါ့မလား၊ ဒီရောဂါပျောက်မှာမဟုတ်ပါဘူး၊ ဆရာဝန်ကဘယ်လို ပြောတာပဲ စသည်ဖြင့် တွေးခြင်း၊ စိတ်ပူခြင်း၊

ကြောင့်ကြခြင်း ပေါ်ပေါက်၍လာသည့်အခါတိုင်း မေ့လျော့ဖျောက်ဖျက်ပစ်ရမှာပဲ၊ ဒီရောဂါပျောက်တော့မှာပဲဟူ၍ ပေါ့ပေါ့ဆဆတွေးကာ စိတ်ကိုကြည်လင်စွာထားတတ်သော အလေ့ကိုဖြစ်စေရာ၏။ ထိုအကျင့်ကိုရသောအခါ စိတ်၏သုခကို အထူးဖြစ်စေ သော အခြားနည်းလမ်းများကို ရရှိနိုင်မည်ကား အောက်ပါအတိုင်းပေတည်း။

စိတ်ကိုနိုင်ခြင်းသည် အကြီးဆုံးသောတန်ခိုး သတ္တိဖြစ်လေသည်။ အသေးအဖွဲ့မှတ် ထင်ရသော အရာလေးများ၌ လောဘ၊ ဒေါသ၊ မာန၊ မခံချင်ခြင်း စသည့် စိတ်ကိုဖျောက် ဖျက်တတ်သောအလေ့ကို ရအောင်ကြိုးစားအပ်လေသည်။

ငွေကြေး အဘယ်မျှပင်ကြွယ်ဝ၍ ပေးကမ်းခြင်း အရာ၌ အနှမြောအစုံမက်မရှိသော်လည်း မနှမြော တန်သောအရာကလေးများမှာ နှမြောတတ်၏။ ငွေတစ်သောင်းကုန်လှူ၍ နေခိုက်မှာ ဈေးမှတောင်းကို ရွက်၍လိုက်လာသော ကူလီကုလားအပေါ်၌တစ်ပြား ပို၍ပေးရ မည့်အတွက် နှမြောတတ်၏။ သူငယ်ချင်း အပေါင်းအဖော်များနှင့် ငွေကြေးမြောက်မြားစွာ အကုန်ခံလျက် ပျော်ပါးစားသောက်နေခိုက်မှာ ဝီစကီဖန်ခွက်မှောက်၍ လက်နှစ်သစ်လောက် ဖိတ်၍ သွားလျှင်နှမြောတတ်၏။ မိမိဂုဏ်ကျက်သရေ အခြေ အနေစီးပွားဥစ္စာကို မထိခိုက်လောက်သော မခံချင် စရာစကားလေးတစ်လုံး ပြုမူပုံတစ်ခုခုကိုခံရသည့်အခါ တွေးတောကာ စိတ်မကောင်းဖြစ်၍နေတတ်လေ၏။

 “ သတင်းစာဆရာဖြစ်စက သတင်းစာ၌ အခြားသူ တစ်ယောက်ယောက်က မခံချင်ဖွယ်ရာစကားကို အသုံးပြုလျက် ရေးသည့်အခါတွင် မခံချင်၊ မခံနိုင် ဖြစ်ပြီးလျှင် အရေပါးနုနုကလေးကို သဲကြမ်းနှင့် ပွတ် သည့်အလား နာကျင်၍သွားသဖြင့် အိပ်ရာ၌ပင် မခံ ချင်သောစိတ်နှင့် တွေးတောကာဒေါသဖြစ်၍နေမိ၏။

တစ်ရံသောအခါ၌ အလကားဟာပဲ၊ လေပဲ၊ မိမိ ကိုယ်ကို လူကောင်းတစ်ယောက်လို ယုံကြည်စွဲမှတ် ပြီး ဒါကလေးမျိုးအတွက် ဤမျှလောက် နာကျင်၍ နေသင့်သလားဟူသော မေးခွန်းဖြင့် ဖြေမိလေ၏။ ထိုအခါမှစ၍ မခံချင်သည့်အရာတိုင်း ထိုနည်းဖြင့် စိတ်ကိုဖြေခဲ့ရာ ချမ်းသာခြင်းတစ်ခုကို တိုးတက်ရရှိခဲ့လေသည်။

 “ မခံချင်သောစိတ်ကြောင့် ကျွန်ုပ်တို့လူမျိုးမှာ လူသတ်မှုများဖြစ်ကြရ၏။ ခိုက်ရန်ဖြစ်ပွား ရ၏။ ထိုစိတ်ကို အလိုလိုက် သူတို့မှာ အတုံ့အလှည့် မပြန်ရသေးသမျှကာလပတ်လုံး စိတ်ဆင်းရဲ၍နေ၏။ အတုံ့အလှည့် ပြန်ခွင့်ရသောအခါ၌လည်း ကြီးစွာသောဘေးဒုက္ခနှင့် သော်လည်းကောင်း တွေ့တတ်၏။ အရှက်တကွဲသော်လည်းကောင်း ဖြစ်တတ်၏။

၎င်းတို့စိတ်တွင် တစ်ဖက်သားပြောပြသမျှ ပြုမူ သမျှ၌ အထအနကောက်လျက် အမြဲအားဖြင့် မကောင်းသော အလွဲအဓိပ္ပာယ်တို့ကိုသာ ကောက်ယူတတ်လေသည်။ ။

အကြောင်းမူကား အခါများစွာသဘောရိုးပြောဆို ပြုမူသူများမှာ အထင်လွဲခြင်းခံကြရ လေသည်။

“ ဘာလို့ခံနေရတာလဲ၊ သင်းကဒီလိုပြောရင် ဟိုလိုပြန်ပြောလိုက်ပါလား။ ဘယ်လိုမှ အညံ့မခံနဲ့  ဟူသောစကားမျိုးဖြင့် ကလေးများစိတ်ကို အဆိပ်ဖြစ် | အောင် ပြုကြလေသည်။ သို့ပြုကြသဖြင့် မြန်မာပြည်၌ ရာဇဝတ်မှုများ၍နေခြင်း ဖြစ်လေသည်။ အမေရိကတိုင်း၌ ရာဇဝတ်မှုများသော်လည်း ကျူးလွန်သူများသည် ဤနည်းမျိုးနှင့် ကျူးလွန်ခြင်းမဟုတ်၊ ရပေါက် ရလမ်းအတွက်ရာဇဝတ်မှုကိုကျူးလွန်ကြရလေသည်။

ထိုစိတ်သည် လွန်စွာဆင်းရဲ စေ၏။ မိမိနှင့် အဖက်မတန်အောင် နိမ့်ကျသောတစ် ယောက်ယောက်က မခံချင်အောင် ပြုသည့်အခါ မလေးမစား မနေတတ်ခြင်း၊ လျစ်လျူ မရှုခြင်းကြောင့် စိတ်ပင်ပန်းရုံမက ဣန္ဒြေပျက်ကြရလေသည်။

မိမိဘာသာတစ်ကိုယ်တည်း လူကောင်းလုပ်၍ နေဖို့ရန် များစွာလွယ်ကူ၏။ သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်မှာ သူတော်ကောင်းဖြစ်ဖို့ မခက်ပေ။ အဟုတ်တကယ် မခံချင်အောင် ပြုမူခြင်းခံရ သောအခါကျမှသူတော်ကောင်းအလုပ်မ လွယ်ကြောင်း သိရသည်။ သတ္တဝါအပေါင်းတို့၏အပေါ်၌ မေတ္တာစိတ်ကို ထားနိုင်၏။

မိမိအကြောင်းကို မတရားသဖြင့်ပြောသော ဆွေမျိုးသားချင်း၊ အဟုတ်တကယ် မုန်းစရာကောင်း အောင် ပြုမူကျင့်ကြံသော ဆွေမျိုးတစ်ယောက်နှင့် တကယ်တွေ့သည့်အခါ ပါးကိုရိုက်ချင်သောစိတ် ပေါ်၍အလာမှာ တကယ်စိတ်ကိုချုပ်ပြီး အလကားဟာပဲလေ အရေးမစိုက်လောက်ပါဘူးဟူသောစိတ် ကို ထားဖို့ရန်ကား လွယ်သောအရာမဟုတ်ပေ။ မနိုင် ၍သည်းခံရခြင်းသည်လွယ်ကူ၏။နိုင်လျှင်သည်းညည်းခံမှ အမှန်သူတော်ကောင်းဖြစ်လေရာ ထိုစိတ်ကို မနိုင်သူ၏ဘဝသည်လွန်စွာဆင်းရဲ၍ ထိုစိတ်ကိုနိုင်သူ ၏ဘဝမှာ ရေချမ်းအိုးကို နှလုံး၌ ပိုက်ချီထားရသည့် အလားလွန်စွာမှချမ်းသာလေသည်။

ထိုစိတ်တို့သည် အမြဲကပ်၍ ရှိုက်မြိုက် လောင်ကျွမ်းစေသော ငရဲမီးများဖြစ်ကြလေသည်။

ထိုစိတ်သည် မနိုင်နိုင်သောစိတ် မဟုတ်ပေ။ လေ့ကျင့်လျှင် နိုင်နိုင်လေသည်။ ထိုစိတ်ကို နိုင်သောနှလုံးသည် တန်ခိုးရောင်ခြည်အမြဲဖြာလျက် မျက်နှာမှာပင် ထွန်းလင်း၍နေတတ် လေသည်။ ထိုပုဂ္ဂိုလ်၏အကြံအစည်များ၌ စိတ်၏တန်ခိုးသည် အတားအဆီးအပိတ်အဆို့ မရှိသော ရေပြွန်မှရေသည် အဟုန်နှင့်ထွက်သည့်အလား တန်ခိုးအရှိန် ကြီးမားလျက် သကြားစက်၊ ရေခဲစက်၊ ဂျုံစက် ဓာတ်အားစက်ကြီးများကိုပင် မောင်းနှင်နိုင်သော ရေဟုန် နှင့်တူလေသည်။ ထိုစိတ်ကိုမနိုင်သူတို့မှာ တန်ခိုးအရှိန်အဝါ ဖြောင့်စွာမထွက်နိုင်သဖြင့် အားစွမ်းသတ္တိညံ့ဖျင်းမှေးမှိန်ရုံမက ဒေါသမီးဒေါသခိုးများ ပိတ်ဆို့ကာရံ၍နေသဖြင့် မှောင်ကျလျက် ရှိသောကြောင့် သတ္တိတန်ခိုးထွက်ပေါ်ခြင်းမှာ လမ်း မဖြောင့်ဘဲရှိ နေလေသည်။ မနာလိုခြင်း၊ မုန်းခြင်း၊ မခံချင်ခြင်း၊ နှမြောခြင်း ဤစိတ်တို့ကင်းစေရမည်။

ဤကား နားထောင်၍ကောင်းအောင် ရေးသော တရားစကားမဟုတ်၊ မကောင်းသော (Emotion)စိတ်တို့သည်အသွေးအသားအာရုံကြောများ၌ အဆိပ်ဓာတ်နှင့်တူသော အလှေးအမှိုက်၊ အညစ်အကြေးများကို အဟုတ်ဖြစ်စေကြောင်းလောကဓာတ် ဓာတုဗေဒ နည်းဖြင့် စမ်းသပ်တွေ့ရှိပြီး ဖြစ်လေသည်။

ကျွန်ုပ်တို့မြန်မာလူမျိုးများမှာ မနောကံကို ထိန်းကြပ်ချုပ်တည်း၍ မရနိုင်ဟု စွဲမှတ်၍ထား တတ်ကြသည်။ စင်စစ်မှာ စိတ်ကိုနိုင်အောင် ထိန်းခြင်းအလုပ်၌ လေ့ကျင့်ခန်းမရှိ သောကြောင့် ဤမှားသောအယူကို စွဲ၍နေကြလေသည်။ အလေ့ရှိသောအခါ ခက်ခဲခြင်းမရှိပေ။ ကိလေသာကာမ ဂုဏ်စိတ်ကိုပင် ချုပ်တည်းလျှင်ရနိုင်ကြောင်းယောက်ျား နှင့်မိန်းမ တွဲ၍ကရာ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းများ၏ စိတ်ထားပုံကို ထောက်သဖြင့် သိနိုင်လေသည်။

“အတွေ့ကို မရှောင်နိုင်” ဟူသောစကားသည် မမှန်စကားဖြစ်ကြောင်း ဓားမကူး ဆရာတော်က သက်သေပြခဲ့လေသည်။ ၎င်းပုဂ္ဂိုလ်မှာ လုံးလုံးမရှောင်သော်လည်း အရှောင် ဘက်အနိုင်ဘက်မှာ ပို၍များလေသည်။ ဆီဦးထောပတ်ကို မှီဝဲနိုင်သော၊ ဘုန်းကြီးသော ပုဂ္ဂိုလ်လည်းဖြစ်၏။ တွေ့ရသောအချိန်မှာ ကာမဂုဏ်ကို အထူးနိုးကြွစေ သော အချိန်နှင့် အခြေအနေလည်းဖြစ်၏။ အဘယ်အခါမှ မတွေ့ရသဖြင့် မွတ်သိပ်ပူလောင်၍နေသည်မှာ လည်းမှန်၏။ သို့ပါလျက် အဆုံးကိုရှောင်နိုင်ခဲ့သည်မှာ လူသည် မိမိ၏စိတ်ကို ထိန်းနိုင်သောတန်ခိုး သတ္တိနှင့် ကောင်းစွာပြည့်စုံကြောင်း ထင်ရှားသော သက်သေ ဖြစ်လေသည်။

ပစ္စည်းဆုံးပါးသည့်အခါ နှမြော၏။ ဤလောကမှာ မဆုံးပါးမပျက်စီးသူမရှိ။ ရှာဖွေကြရခြင်း မှာ ကုန်ကျဆုံးပါးဖို့အတွက်သာ ဖြစ်သည်ဟူသော ဆင်ခြင်နည်းဖြင့် ဖြေဖျောက်တတ် သောအကျင့်ကို ရသောအခါ စီးပွားပျက်၍ ဥစ္စာရူးမဖြစ်နိုင်ပေ။

အလဟဿကုန်တာမို့ နာမည်ကြီးတာပဲ ဟူသောစကားကိုလည်း ပြောတတ်ကြပေသည်။

ကုန်ခြင်းသာ ပဓာနပဲ၊ အဘယ်နည်းနှင့်ပဲကုန်စေ |ကာမူဘာထူးသလဲ။ငါ့လို အလဟဿကုန် သူတွေ အများကြီးပဲ၊ ရှင်ဘုရင်များတောင်မှ နန်းကျကြသေးတာပဲ။ ငါလူကောင်း လူချမ်းသာဟုငါ့ကိုယ်ငါ စွဲမှတ်ပြီး ဒီလိုနှမြောနေခြင်းဟာ လူကောင်း လူချမ်းသာဖြစ်ခြင်းနှင့် ဖီလာကြီးပဲ။ နှမြောလို့ ပြန်ရဦးမှာလား၊ မရနိုင်သောအရာကိုဘယ်အတွက် နှမြောရပါသလဲ ဟူသောနည်းမျိုးဖြင့် ဖြေလျှင်နှမြောခြင်း ပြေပျောက်ကာ လောကနိဗ္ဗာန်ကလေး တစ်ပိုင်းကိုရသည်နှင့် တူလေသည်။ ထိုပုဂ္ဂိုလ်မျိုး ၏သုခစည်းစိမ်သည် နှမြောသူများ မသိမတွေ့ မခံစားရသော ထူးမြတ်သောစိတ်၏စည်းစိမ် ဖြစ်လေသည်။ ။

ပီမိုးနင်း