အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်
အမှိုက်ဆိုသည်မှာ လူတို့ကအသုံးမလို၍ စွန့်လိုက်သောအစအန၊ အညစ်အကြေးများပင်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော အမှိုက်သရိုက်အများစုတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုး၊ ကြွပ်ကြွပ်အိတ်များ၊ လူ့အသုံးအဆောင်ပစ္စည်းအဟောင်းများကများသည်။ ထိုပစ္စည်းတို့သည် တစ်ချိန်က လူတို့၏လက်အတွင်း သို့မဟုတ် အိမ်အတွင်း သို့မဟုတ် မီးဖိုချောင်အတွင်း၌ လှပစွာနေရာယူခဲ့သည့်အရာများဖြစ်သည်။ အသုံးလိုစဉ် ဝယ်ယူအသုံးပြုခဲ့ကြပြီး အသုံးမလိုသည့်အချိန်တွင် အမှိုက်အဖြစ် သတ်မှတ်ကာ စွန့်ပစ်လိုက်ခြင်းခံရသည့် အရာများပင်ဖြစ်သည်။ ကြုံသလိုဖြစ်နေသည့် အမှိုက်များက ရေမြောင်းများအတွင်းရောက်ရှိကာ ရေမြောင်းများ ပိတ်ဆို့စေခြင်း၊ မြစ်များ၊ ချောင်းများ၊ သမုဒ္ဒရာများအတွင်းရောက်ရှိကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း စသည့်ဆိုးကျိုးများကို ဖြစ်စေသည်။
