ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်
လူငယ်တို့သည် နိုင်ငံ၏အနာဂတ်လူသားရင်းမြစ်များဖြစ်ပေသည်။ အနာဂတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုလူငယ်လူသားရင်းမြစ်များ၏ အစွမ်းကုန်ကြိုးစားအားထုတ်နိုင်မှုအပေါ်တွင် မူတည်သည်။ ထိုမျှအရေးပါသည့် လူငယ်တို့သည် ကျန်းမာသန်စွမ်းသော၊ ဉာဏ်ရည်ထက်မြက်သော၊ စာရိတ္တမြင့်မားသော လူငယ်များဖြစ်ရန် လိုအပ်လှပါသည်။ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ချိုးနှိမ်ဖျက်ဆီးနေသော မိစ္ဆာရန်သူတစ်ပါးမှာ မူးယစ်ဆေးဝါးအန္တရာယ်ပင်ဖြစ်သည်။ မူးယစ် ဆေးဝါးသုံးစွဲခြင်းသည် မျိုးဆက်သစ်လူငယ်များမှသည် လူသားအားလုံးကို အဘက်ဘက်မှ နိမ့်ကျပျက်စီးစေသဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်နေကြရပေသည်။