ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ၏ ဘေးအန္တရာယ်
စောနိုင်(အသုံးချဘောဂဗေဒ)
ငွေကြေးအသုံးပြုမှုမှ ငွေသားမဲ့အခြေအနေသို့
ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ (Cashless Economy) ဆိုသည်မှာ ငွေကြေးအပေးအယူများကို ငွေစက္ကူ၊ ငွေအကြွေစေ့များ အသုံးပြုခြင်းမရှိဘဲ အီလက်ထရောနစ်နည်းလမ်းဖြင့် ဒစ်ဂျစ်တယ်အချက်အလက်များကို အသုံးပြုလုပ်ဆောင်နေသည့် စီးပွားရေးအဆောက်အအုံဟုဆိုရမည်။
ငွေကြေးမပေါ်ပေါက်မီ ရှေးကျသောကာလများက လူသားတို့သည် ကုန်ပစ္စည်းအချင်းချင်း ဖလှယ်၍ (ဘာတာစနစ်ဖြင့်) လည်းကောင်း၊ အခြားသောနည်းလမ်းများကို အသုံးပြု၍လည်းကောင်း ငွေသားမဲ့ (မရှိ) သော လူ့အဖွဲ့အစည်းများကို ဖြတ်သန်းခဲ့ကြ၏။ နောက်ပိုင်းတွင် ကြားခံဖလှယ်ရေး ကိရိယာအမျိုးမျိုးကို စမ်းသပ်အသုံးပြုခဲ့ပြီးနောက် ငွေကြေးကို ကြားခံအရာအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။
အိုင်စီတီနည်းပညာ ထွန်းကားလာသည့် ယနေ့ကာလတွင် ခရက်ဒစ်ကတ်များ၊ ဒက်ဘစ်ကတ်များ၊ မိုဘိုင်းငွေပေးချေမှုများနှင့် ဘစ်ကွိုင် (bitcoin) ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများကို အသုံးပြုလျက် အသွင်အမျိုးမျိုးဖြင့် ငွေသားမဲ့စီးပွားရေးများ ဖန်တီးလာနေကြသည်ကို တစ်ကျော့ပြန် တွေ့လာရ သည်။
ငွေသားပေးချေမှုနှင့် ဒစ်ဂျစ်တယ်ပေးချေမှု
စီးပွားရေးအဆောက်အအုံထဲတွင် ငွေသားက လုံးလုံးလျားလျားကိုယ်ပျောက်တော့မည်လော။ ပိုက်ဆံအိတ်ကိုင် သွားစရာမလိုသော၊ လုယက်ခံရမည့် ဘေးအန္တရာယ်စိုးရိမ်စရာမလိုသော၊ ဒစ်ဂျစ်တယ် ပလတ်စတစ်ကတ်ပြားပါးပါးလေးကို အသုံးပြု၍ ကိန်းဂဏန်းနံပါတ်များ နှိပ်ရုံမျှဖြင့် စီးပွားရေး အဆောက်အအုံထဲ၌ ငွေကြေးအပေးအယူအလုပ်ဖြစ်သောအခြေအနေဖြစ်လာသည်။ ယေဘုယျအားဖြင့် လူသားအားလုံး၏ နေ့စဉ်လူနေမှုဘဝများကို ပိုမိုလွယ်ကူချောမွေ့နေသည်ဟု သုံးသပ်ရမည်။ ဤသို့ဆိုလျှင် စီးပွားရေးအဆောက်အအုံအတွင်း နေ့စဉ်လုပ်ဆောင်မှုများ၌ ငွေကြေးလိုအပ်တော့မည်မဟုတ်။ ငွေသားကိုလည်း မြင်ရတော့မည်မဟုတ်ပေ။
တစ်ဖက်တွင် ဈေးကွက်အတွင်း အရောင်းအဝယ်အားလုံးကို ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းဖြင့် လုပ်ဆောင်ရန် စိတ်ဝင်စားမှုများရှိနေကြစဉ် နေ့စဉ် ငွေကြေးအပေးအယူကိစ္စများ၌ ငွေသားကို ဖယ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို စူးစမ်းလေ့လာ လျက်ရှိနေကြသည်။ ငွေကြေး၏ ဥပဒေနှင့်ညီညွတ်သော လုပ်ဆောင်မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြည့်ကြသည်။ တရားဝင်ငွေကြေးကို ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်၍ သုံးစွဲနေကြခြင်းဖြစ် သည်။ ငွေသားကိုသာ ငွေကြေးအဖြစ် အသိအမှတ်ပြုသည်။ အချို့သောသူတို့က ဘဏ်စာရင်းလက်ကျန်ကို ငွေကြေးဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် မဟုတ်ပေ။ ဘဏ်စာရင်းလက်ကျန်သည် တရားဝင်သုံးစွဲနေသည့် ငွေကြေးထဲမှ ဥပဒေနှင့်အညီ ဖယ်ထုတ်ထားသော အဆင့်တစ်ဆင့်ဖြစ်သည်ဟု ထောက်ပြ ကြသည်။
ငွေသားအခြေခံနှင့် ငွေကြေးပမာဏ
အမေရိကန်နိုင်ငံတွင် ဒေသအလိုက် ဗဟိုဘဏ် (the Fed) ၁၂ ဘဏ်ရှိသည်။ ဘဏ်များအားလုံးက ၎င်းတို့၏ မီးခံသေတ္တာခန်းများထဲတွင် အနည်းဆုံးသီးသန့်ရန်ပုံငွေများကို ငွေသားဖြင့် ထိန်းသိမ်းထားရသည်။ ထိုဘဏ်များရှိ သီးသန့်အရန်ငွေစာရင်းများကို ငွေစာရင်းပိုင်ရှင်၏ ဆန္ဒအတိုင်း ငွေသားအဖြစ် ပြောင်းလဲနိုင်သည်။ စီးပွားရေး အဆောက်အအုံထဲတွင်ရှိသော စုစုပေါင်း ငွေသားများကို တွက်ချက်ရာတွင် လူတစ်ဦးချင်း၏ ပိုက်ဆံအိတ်များထဲမှ ငွေများ၊ တစ်ဦးချင်း အပ်နှံငွေသေတ္တာ များထဲရှိငွေများ ဘဏ်စနစ်ပြင်ပရှိ ငွေသားများလည်း ပါဝင်သည်။
ဘဏ်သီးသန့်အရန်ငွေများနှင့် ဘဏ်စနစ်ပြင်ပတွင် လည်ပတ်နေသော ငွေသားများကိုစုပေါင်း၍ ငွေကြေး ငွေသားအခြေခံဟုခေါ်သည်။ ငွေကြေးငွေသားအခြေခံသည် စီးပွားရေး အဆောက်အအုံထဲတွင် လည်ပတ်နေသော စုစုပေါင်းငွေကြေးပမာဏနှင့် မတူပေ။ ငွေကြေးပမာဏအများစုကို ဘဏ်၏ သီးသန့်အရန်ငွေဖြင့်မဟုတ်ဘဲ ဘဏ်မှထုတ်ချေးသော ချေးငွေများဖြင့် ဖန်တီးဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘဏ်များက ချေးငွေထုတ်ချေးသည့်အခါ သက်ဆိုင်သူ၏ ငွေစာရင်းသို့ ငွေကြေးများ ဝင်ရောက်သွားပြီး ထိုမှတစ်ဆင့် စီးပွားရေးအဆောက်အအုံထဲသို့ ရောက်ရှိလည်ပတ်နေခြင်းဖြစ်သည်။
အတွေ့အကြုံ
၂ဝ၂၃ ခုနှစ် ဇူလိုင်လအထိ အမေရိကန်ပြည်ထောင်စုရှိ ငွေကြေးငွေသားအခြေခံသည် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ထရီလီယံရှိသည်။ ထိုအခြေအနေတွင် ငွေကြေးပမာဏ M3 (M2 နှင့် ပမာဏများပြားသည့်အချိန် ဆိုင်းအပ်ငွေများပါဝင်သည်) ၂ဝ ဒသမ ၉ ထရီလီယံရှိနေသည်။ အကယ်၍ လူတိုင်းက ဘဏ်များမှ ၎င်းတို့အပ်နှံထားသော ငွေသားများကို တောင်းဆို ထုတ်ယူခဲ့လျှင် တောင်းဆိုမှု၏ လေးပုံတစ်ပုံခန့်ကိုသာ ဘဏ်များက ပြန်လည်ထုတ်ပေးနိုင်မည်။ ထိုအခြေအနေမျိုး တွင် ဘဏ်၏လုပ်ငန်းတာဝန် ပျက်ကွက်မှု အမှန်တကယ်ဖြစ်လာနိုင်သည်။ ၁၉၃ဝ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးအတွင်း အမေရိကန်ဘဏ်ပေါင်း ကိုးထောင်ကျော် သည် ဖောက်သည်များ၏ ငွေထုတ်ပေးရန် တောင်းဆိုမှုများကို ထုတ်ပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
ငွေသားကို လက်ဝယ်ကိုင်ထားခြင်းသည် အခက်အခဲများရှိနိုင်သော်လည်း အီလက်ထရောနစ်စနစ်နှင့် ဆက်စပ်နေသော အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်းမှလည်းကောင်း၊ ငွေထုတ်ယူမှု ကန့်သတ်မှုအခက်အခဲများမှလည်းကောင်း ကာကွယ်ပေးနိုင်သည်။ လက်ထဲတွင် ငွေသားကိုင်ထားသူက အရေးပေါ်ကိစ္စများအတွက် လိုအပ်လာပါက ၎င်း၏လက်ထဲတွင်ရှိနေသည့် ငွေပမာဏအပေါ်မူတည်၍ အခြေအနေအရပ်ရပ်ကို ချင့်ချိန်လုပ်ဆောင်နိုင်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဘဏ်များက စာရင်းပိတ်ခြင်း၊ ဖယ်ရှားခြင်းတို့ပြုလုပ်လာပါကလည်း ငွေအပ်နှံထားသူအနေဖြင့် အခက်အခဲများ ဖြစ်လာနိုင်သည်ကို လက်တွေ့အခြေအနေများက သက်သေပြလျက် ရှိနေသည်။
အကောင်းအဆိုး
အီလက်ထရောနစ် နည်းလမ်းများ အသုံးပြု၍ ငွေသားမဲ့လည်ပတ် လုပ်ဆောင်နေသော စီးပွားရေး အဆောက်အအုံထဲတွင် လုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်နှင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ ငွေသားမှတစ်ဆင့် ဖြစ်လာနိုင်သည့် ကူးစက်ရောဂါများ နည်းပါးလာခြင်း၊ စီးပွားရေးလုပ်ငန်း အရောင်းအဝယ်ကိစ္စများ လျင်မြန်လာနိုင်ခြင်း၊ ရာဇဝတ်မှုများ လျှော့ချနိုင်ခြင်း၊ ငွေကြေးနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များ စုဆောင်းရပိုမိုလွယ်ကူလာခြင်း၊ နေ့စဉ်ငွေကြေးသုံးစွဲမှု လျင်မြန် လွယ်ကူခြင်းစသည့် ကောင်းကျိုးများ ရှိသည်။
အခြားတစ်ဖက်တွင် ကိုယ်ရေး ကိုယ်တာကိစ္စများ ထိန်းသိမ်းမှုခက်ခဲလာခြင်း၊ ဘဏ်အသုံးပြုမှုနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ဆင်းရဲနွမ်းပါးသူများ အခက်အခဲများရှိလာခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဖြစ်လာနိုင်ခြင်း၊ ရွေးချယ်အသုံးပြုမှုနည်းလမ်း မတူညီမှုကြောင့် အခက်အခဲများဖြစ်ပေါ်လာနိုင်ခြင်း စသည်ဖြင့် ပြဿနာသစ်များ၊ ခက်ခဲမှုအသစ်များလည်း ပေါ်ထွက်လာနိုင်သည်။
မည်သို့ပင်ရှိစေကာမူ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများရှိ ဗဟိုဘဏ်များက ၎င်းတို့ထိန်းချုပ်နိုင်မည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်များ ထူထောင်ရန် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။ ထိုအခြေအနေတွင် သက်ဆိုင်ရာနိုင်ငံ၏ အခြားသောကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်သည်ဟု ထောက်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် ငွေသားကိုင်တွယ်စရာမလိုဘဲ ငွေပေးငွေယူပြုလုပ်နိုင်သည့် အီလက်ထရောနစ်ငွေကြေးစနစ်က နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အတွက် အန္တရာယ်အလွန်များသောကြောင့်ဖြစ်သည်။ ထိုစနစ်ကိုကျင့်သုံးသည့် စီးပွားရေးအဆောက်အအုံများတွင် ဗြိတိန်နိုင်ငံရေးသမား နိုင်ဂျယ်ဖာရာအပေါ် ဗြိတိန်ဘဏ်စနစ်က ပြုလုပ်ခဲ့သည့်အခြေအနေမျိုး တစ်ချိန်မဟုတ်တစ်ချိန် ပေါ်ပေါက်လာနိုင်ပေသည်။
ကိန်းဂဏန်း ခလုတ်နှိပ်ရုံမျှဖြင့် ကိုယ်ပိုင်ငွေကြေးများအပေါ် အကျိုးဆက်များရှိလာနိုင်သော၊ နေ့စဉ်ဘဝ ရှင်သန်မှုအပေါ် သက်ရောက်မှုများ ဖြစ်လာနိုင်သော ငွေသားမဲ့စီးပွားရေးစနစ်သည် လောကသဘာဝအတိုင်း အကောင်းအဆိုး ရောပြွမ်းလျက်ရှိနေ သည်။
ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်
စွမ်းရည်မြင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကြောင့် လူသားတို့၏ အရေးအရာကိစ္စများအပေါ် သက်ရောက်လာနိုင်သည့် အကောင်းအဆိုးအကျိုးဆက်များကို မည်သို့ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြမည်နည်း။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်သည် လူတို့၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးအသုံးပြုမှုများ၌ အထောက်အကူများစွာ ဖြစ်စေသဖြင့် အဆင့်မြင့်သည်ထက် မြင့်လာစေရန် ကျွမ်းကျင်သူများက အဆက်မပြတ် တီထွင်ကြံဆလုပ်ဆောင်လျက်ရှိ၏။
အခြားတစ်ဖက်တွင် အဆင့်မြင့်နည်းပညာကြောင့် ဖြစ်လာနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ၊ နိုင်ငံသားတို့၏ လွတ်လပ်မှုထိခိုက်စေသည့် ဖြစ်နိုင်ခြေများစသည်ဖြင့် အန္တရာယ်များ၊ အားနည်းချက်များလည်း ရှိလာနေသဖြင့် ကောင်းကျိုး၊ ဆိုးကျိုး၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို လေ့လာသုံးသပ်၍ အတိုင်းအတာတစ်ခုအထိသာ အကောင်အထည်ဖော်လုပ်ဆောင်သင့်သည်ဟု ထင်မြင်သုံးသပ်မှုများလည်း ရှိနေပေသည်။
ကိုးကား။ ။ www.eurasiareview.com
