မင်းရန်အောင်၊ မော်ဖဒေသနှင့် မက်မန်းမြို့သာယာ
မင်းရန်အောင်ဟု ဝိဂြိုဟ်ပြုလိုက်သည်နှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ် မက်မန်းမြို့လေးမှာ တည်ရှိနေသော လင်္ကာဒီပဘုန်းတော်ကြီးကျောင်းအနီး ကုန်းတော်ပေါ်က မင်းရန်အောင်စေတီတော်မြတ်ကို ရည်ညွှန်းဦးခိုက်လိုက်တာလည်း ဖြစ်နိုင်သည်။ မင်းရန်အောင်စစ်ဆင်ရေးဖြင့် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း တပ်ဖွဲ့များက ၁၉၇၉ ခု နိုဝင်ဘာလ ၂၃ ရက်နေ့၌ သံလွင်မြစ်ကူးစစ်ဆင်ရေးကြီး စတင်ဆင်နွှဲပြီး မော်ဖဒေသအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ခဲ့ကြသည့် ဖြစ်စဉ်ပန်းချီကားကို ပြန်လည် ခြယ်မှုန်းပြတာလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အဆိုပါမော်ဖဒေသတွင် နှစ်ပေါင်း ၂၀ ကျော် ဝင်ရောက်ခြေကုပ်ယူထားပြီး လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ် ခြယ်လှယ်နေသည့် ဗကပတို့ကို အောင်မြင်စွာ ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် တည်ပေးခဲ့သော မင်းရန်အောင်ကျေးရွာလေးနှင့် တစ်စုံတစ်ရာ ပတ်သက်နေတာလည်း ဖြစ်တန်ရာ၏။
