Skip to main content

ဘယ်သူ ပိုအရေးကြီးလဲ၊ ဘယ်သန်လား ညာသန်လား

ထွန်းကျော်

ကျွန်တော်တို့သည် ဦးနှောက်ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း (Left Hand Brain နှင့် Right Hand Brain) အကြောင်း ကောင်းစွာသိရှိဖို့လိုသည်။ သို့မှသာ Left Hand Brain နှင့် Right Hand Brain တို့၏ အားသာချက်၊ အားနည်းချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ထို့နောက် Left Hand Brain မှ Right Hand Brain ပြောင်းလျှင်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ဆက်လက်နားလည်အောင်လေ့လာရပေမည်။ Left Hand Brain ဖြင့် အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ ဒုနှင့်ဒေးရှိသလို Right Hand Brain ဖြင့်အောင်မြင်ကျော်ကြားနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များလည်း ကျွန်တော်တို့ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်အောင် ရှိပေသည်။

ဦးနှောက် ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း သို့မဟုတ် ဘယ်သန်နှင့် ညာသန်

လူသားတို့၏ ဦးနှောက်တွင် ဘယ်ဘက်ခြင်းနှင့် ညာဘက်ခြမ်းဟူ၍ နှစ်ပိုင်းရှိရာ ဦးနှောက်ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး ဘယ်သန်နှင့်ညာသန်ဆိုပြီး ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် နှစ်မျိုးစလုံးကျွမ်းကျင်သူများကို တွေ့မြင်နိုင်ပေသည်။ နှစ်မျိုးစလုံး ကျွမ်းကျင်သူများသည် တစ်ခုခုတွင် ပိုသန်သည့်သူများလောက် ထူးချွန်ပေါက်မြောက်ခြင်း သိပ်မတွေ့ရပေ။

ဘယ်သန်များ

မိမိတို့လူ့ပတ်ဝန်းကျင်တွင် ဘယ်ဘက်နှင့် ထမင်းစားခြင်း၊ ဘယ်ဘက်နှင့်စာရေးခြင်း၊ ပစ္စည်းကိရိယာများကို ဘယ်ဘက်နှင့်သယ်ဆောင်ခြင်း၊ အသုံးပြုခြင်း၊ လျှပ်တစ်ပြက်ဆိုလျှင် ဘယ်ဘက်နှင့် ချက်ချင်းတုံ့ပြန်တတ်ခြင်းများကိုတွေ့ရလျှင် ၎င်းတို့ကို ဘယ်သန်များဟု သတ်မှတ်လေ့ရှိကြသည်။ ဘယ်သန်များသည် ဦးနှောက်၏ ညာဘက်အခြမ်း ဖွံ့ဖြိုးသည့်သူများဖြစ်ကြသည်။ ဦးနှောက်၏ ညာဘက်ခြမ်းဖွံ့ဖြိုးသည့် ကလေးများတစ်နည်းအားဖြင့် ဘယ်သန်များသည် တီထွင်ဖန်တီးမှုအားကောင်းခြင်း၊ ထိုးထွင်းသိမြင်မှုအားကောင်းခြင်း၊ ဂီတနှင့်အနုပညာဖန်တီးမှုနယ်ပယ်များတွင် ထူးချွန်ထက်မြက်ခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်းများရှိသည်။ ထို့အပြင် ၎င်းတို့သည် စိတ်ခံစားမှုအားကောင်းတတ်ကြပြီး သံယောဇဉ်လည်းကြီးကြသည်။ ရုပ်ပိုင်းဆိုင်ရာသိမှုနယ်ပယ်ပိုင်းတွင်လည်း အားကောင်းသည့်အတွက် လူတစ်ယောက်ယောက်ကို ပိုမိုမှတ်မိလေ့ရှိကြသည်။ အကြောင်းအရာ ဖြစ်စဉ်အချက်အလက်များကိုလည်း မှတ်မိလေ့ရှိကြသလို ပေါင်းစပ်လုပ်ဆောင်မှုများတွင်လည်း အားကောင်းသည့်သူများဖြစ်ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ တီထွင်ဖန်တီးမှု၊ တွေးခေါ်မြော်မြင်နိုင်မှု၊ စာပေနယ်ပယ်၊ အနုပညာနယ်ပယ်များတွင် ထူးချွန်ကြသည်။

ကမ္ဘာကျော်ဘယ်သန်များ

ကမ္ဘာပေါ်တွင် ထူးချွန်ကျော်ကြားသူ ဘယ်သန်ပေါင်းများစွာရှိသည်။ ၎င်းတို့ထဲမှ ထုတ်နုတ်ဖော်ပြရမည်ဆိုလျှင်

- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်

- ကျူးဘားခေါင်းဆောင် ဖီဒဲလ်ကတ်စထရို

- အမေရိကန်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုး

- ဟာသသရုပ်ဆောင် ချာလီချက်ပလင်

- အကြီးမြတ်ဆုံး သိပ္ပံပညာရှင် အယ်လ်ဘတ်အိုင်းစတိုင်း

- ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ

- ကမ္ဘာကျော် အမေရိကန်စာရေးဆရာ မာ့ခ်တွိန်း

- ကမ္ဘာကျော်ဘောလုံးမင်းသားကြီး ပီလီ

- အမေရိကန် ဂန္ထဝင်သီချင်းရေးဆရာ ဘီသိုဗန်

- ပထမဆုံး တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း

- (၄၁)ယောက်မြောက် အမေရိကန်သမ္မတ ဂျော့ဂျ်ဒဗလျူဘုရှ်

- (၄၂) ယောက်မြောက် အမေရိကန်သမ္မတ ဘီလ်ကလင်တန်

- (၄၄) ယောက်မြောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမား

- စပိန်ပန်းချီဆရာ ပီကာဆို

- အမေရိကန်စွန့်ဦးတီထွင်သူ၊ ဆော့ဖ်ဝဲလ် ဖန်တီးသူနှင့် ပရဟိတအလှူရှင် ဘီလ်ဂိတ်

- အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး စတိဗ်ဂျော့တို့ ဖြစ်ကြပါသည်။

ညာသန်များ

မိမိတို့ လူ့ပတ်ဝန်းကျင်တွင် ညာဘက်နှင့် ထမင်းစားခြင်း၊ ညာဘက်နှင့်စာရေးခြင်း၊ ပစ္စည်းကိရိယာများကို ညာဘက်နှင့်သယ်ဆောင်ခြင်း၊ အသုံးပြုခြင်း၊ လျှပ်တစ်ပြက်ဆိုလျှင် ညာဘက်နှင့် ချက်ချင်းတုံ့ပြန်တတ်ခြင်းများကိုတွေ့ရလျှင် ၎င်းတို့ကို ညာသန်များဟု သတ်မှတ်လေ့ရှိကြသည်။ ညာသန်များသည် ဦးနှောက်၏ ဘယ်ဘက်အခြမ်းဖွံ့ဖြိုးသည့်သူများဖြစ်ကြသည်။ ဦးနှောက်၏ ဘယ်ဘက်ခြမ်းဖွံ့ဖြိုးသည့်ကလေးများကို တစ်နည်းအားဖြင့် ညာသန်များဟုခေါ်သည်။ ဦးနှောက်၏ ဘယ်ဘက်အခြမ်း ဖွံ့ဖြိုးသူများသည် ခန္ဓာကိုယ်၏ ညာဘက်အခြမ်းကို လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းရှိသည်။

ညာသန်များသည် ကျိုးကြောင်းစီစဉ်တွေးခေါ် နိုင်စွမ်းရှိသဖြင့် ယုတ္တိဗေဒကျကျ တွေးခေါ်နိုင်စွမ်းရှိသည်။ ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်ဆင်ခြင်မှု အားကောင်းသူများဖြစ်ကြသည်။ ကိန်းဂဏန်းအချက်အလက်များကို မှတ်မိနိုင်စွမ်းရှိကြသည်။ လက်တွေ့လုပ်ဆောင်မှု၊ သိပ္ပံနှင့်ဆက်စပ်စဉ်းစားနိုင်စွမ်း၊ သင်္ချာဉာဏ်ရည်အားကောင်းသည်။ ဘာသာစကားစွမ်းရည် ထူးချွန်ထက်မြက်သောကြောင့် အရေးဘာသာစကားနှင့် အပြောဘာသာစကားများတွင် ကျွမ်းကျင်တတ်မြောက်လွယ်သည်။ စီကာပတ်ကုံး အစီအစဉ်တကျ စဉ်းစားတွေးခေါ်တတ်သည်။ ပုံမှန်အားဖြင့် ဘယ်သန်များသည် ညာသန်များထက် တီထွင်ဖန်တီးမှုပိုင်း ပိုမိုကောင်းမွန်တတ်ကြသော်လည်း ကျိုးကြောင်းစီကာပတ်ကုံး စဉ်းစားနိုင်စွမ်းတွင်တော့ ညာသန်များက ပိုပြီးအားသာကြသည်။ ကမ္ဘာ့လူဦးရေ၏ ၉၀ - ၉၅ ရာခိုင်နှုန်းလောက်သည် ညာသန်များဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် ညာသန်ထူးချွန် ကျော်ကြားသူများစွာရှိသည်။

အချုပ်အားဖြင့် ဆိုရသော်လည်း ဘယ်သန်များလည်း တစ်မျိုးတစ်မည်ကောင်းသလို ညာသန်များလည်း တစ်မျိုးတစ်မည် ကောင်းကြပေသည်။ ထို့ကြောင့် ဘယ်သန်ဖြစ်၍ စိတ်မညစ်ကြစေချင်သလို ညာသန်ဖြစ်၍လည်း ထူးပြီးဝမ်းသာရမည်မဟုတ်ပေ။ အားသာချက်၊ အားနည်းချက်များက သူ့ဟာသူရှိပြီးဖြစ်သည်။ အဓိကကတော့ ဘယ်သန်များကို ဘယ်သန်အတိုင်း လေ့ကျင့်ပေးပြီးညာသန်များကို ညာသန်အတိုင်းလေ့ကျင့်ပေးဖို့ပဲလိုသည်။ ဦးနှောက်ဘယ်ခြမ်းနှင့် ညာခြမ်းတို့သည် ဟန်ချက်ညီညီပေါင်းစပ်ပြီး အလုပ်လုပ်သည်။ ဘယ်သန်က ဘာ၊ ညာသန်ကဘာဆိုသည်မှာ အယူအဆ တစ်ခုမျှသာဖြစ်ပါသည်။

ဘယ်သန်မှ ညာသန်ပြောင်းလျှင် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ

ဘယ်သန်ကလေးများကို ညာသန်ကလေးများဖြစ်အောင် ဖိအားပေးလုပ်ဆောင်မည်ဆိုပါက ကလေးများ၏ စိတ်ပိုင်းဆိုင်ရာတွင် မလုံခြုံမှုများကို ခံစားရစေနိုင်ပါသည်။ အကျိုးဆက်အားဖြင့် ကလေးများသည် အိပ်ရာထဲတွင် ရှူးပေါက်ချခြင်း၊ စကားထစ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ အရှက်အကြောက်ကြီးခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းစသည့် နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါသည်။ ညာဘက်ကြွက်သားလှုပ်ရှားမှုကို ဦးနှောက်၏ ဘယ်ဘက်အခြမ်းကထိန်းချုပ်ပေးသလို ဘယ်ဘက်ကြွက်သားလှုပ်ရှားမှုကို ဦးနှောက်၏ ညာဘက်အခြမ်းက ထိန်းချုပ်ပေးသောကြောင့် ကျွန်တော်တို့အနေဖြင့် ဘယ်သန်ကလေးကို ညာသန်ကလေးအဖြစ်ပြောင်းမည်ဆိုလျှင် ဦးနှောက်၏ လုပ်ဆောင်ချက်များ ကစဉ့်ကလျားဖြစ်ပြီး ယင်းကြောင့် နောင်တစ်ချိန်အထိ ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။

ထို့ကြောင့် ဘယ်သန်ကလေးများကို ညာသန်အဖြစ် မပြောင်းသင့်ပါ။ ဘယ်သန်၊ ညာသန်ဆိုသည့် အချက်များသည် ကလေးတစ်ယောက်၏ အနာဂတ်ကို မည်သို့မျှ အကျိုးသက်ရောက်မှု မရှိစေသောကြောင့် အတင်းအကျပ် ဖိအားပေးပြောင်းလဲခြင်းမပြုလုပ်သင့်ပေ။ ဘယ်သန်ကလေးများကို ညာသန်ပြောင်းပြီး စိတ်ဖိစီးမှုဝေဒနာတွေပေးခြင်းထက် ၎င်းကလေး၏ တိမ်မြုပ်ပျောက်ကွယ်နေသော စွမ်းရည်များကို ထုတ်ဖော်ပြီး မြေတောင်မြှောက်ပေးသင့်ပါသည်။ ဘယ်သန်လည်း ကမ္ဘာကျော်နိုင်သလို ညာသန်လည်း ကမ္ဘာကျော်နိုင်ပေသည်။ အဓိကကတော့ မိမိတို့၏ ခံယူချက်ကို ကလေးများအပေါ် မလွှမ်းမိုးစေဘဲ အားသန်ရာသန်ရာ လေ့ကျင့်ပေးခြင်းဖြင့် ထူးချွန်သူများပေါ်ပေါက်လာပြီး ကမ္ဘာလောကကြီးအပေါ် ကောင်းကျိုးပြုသူလေးများဖြစ်လာပါက မည်မျှကောင်းမည်နည်း။ ။

ကိုးကား - အင်တာနက်