အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ ဖလန်နယ်စက်ရုံမှ အလုပ်သမား ၂၈ ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမကုန်စုံဆိုင်တစ်ဆိုင်ကို ရင်းနှီးငွေ စုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့သည်။ ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်မှ ၂၃ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ သမဝါယမညီလာခံတစ်ရပ် ကျင်းပခဲ့ပြီး ၁၉-၈-၁၈၉၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(International Cooperative Alliance-ICA)ကို ထူထောင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဖွဲ့ချုပ်စတင်ဖွဲ့စည်းခဲ့စဉ်က အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဗီးယားနှင့် အမေရိကန် စုစုပေါင်း ၁၃ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသဖြင့် ကမ္ဘာ့သမဝါယမများ၏ အမြင့်ဆုံးအဖွဲ့ကြီးအဖြစ် ရပ်တည်လာခဲ့ပါသည်။
