ယနေ့ဧပြီလ ၂၈ ရက်နေ့ဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။